သီပေါကို ဦးတည် ထိုးစစ်ဆင်နေတဲ့ နလအ စစ်ကြောင်း ဘော်ကြိုကို ကျော်လာ

အောက်တိုဘာ ၁၄၊ ၂၀၂၅
Shy V (VOM)

သီပေါကို ဦးတည် ထိုးစစ်ဆင်နေတဲ့ နလအ တပ်စဲ့စစ်​ကြောင်းဟာ ဘော်ကြိုကို ကျော်ပြီး မန်ဟဲကျေးရွာအုပ်စု၊ နားခဲရွာအထိ ရောက်ရှိ လာပြီဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

“စစ်တပ် စစ်ကြောင်းတွေ ဘော်ကြိုရောက်ပြီ။ ဘော်ကြိုက လူတွေတောင်မှ မုန့်တွေနဲ့ သွားကြိုသေးတယ်။ ဒီည ဘော်ကြို အကျော် နားခဲမှာ နားမယ်လို့ သိရတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

နလအ စစ်ကြောင်းတွေ သေချာပေါက် သီပေါကို ဒီ​နေ့ ဝင်မယ်လို့ ယူဆရကြောင်း သူက ပြောပါတယ်။

“စစ်တပ်က ဘော်ကြိုမှာ ရောက်နေပြီလေ။ မနေ့ကတည်းကတောင် သူတို့ ရောက်နေ့တာထင်တယ်။ စစ်တပ်က လူကြီးပဲ မနေ့ည သူတို့ စကားပြောနေတာ ကြားလိုက်တယ်။ အဲဒါကြောင့် သိရတာ” လို့ ဒေသခံ အမျိုးသား တယောက်ကလည်း ပြောပါတယ်။

သီပေါမြို့ပေါ်မှာလည်း TNLA တပ်ဖွဲ့တွေ ရှိတာ မတွေ့ရသလို ကျောက်မဲမြို့ထဲ နလအ တပ်ဖွဲ့တွေ မဝင်ခင်ကတည်းက ပစ္စည်းတွေ အကုန်သယ်ယူသွားပြီး မြို့ကို အခွံပဲ ချန်ထားခဲ့ကာ ဟန်ပြ ပစ်ခတ်နေတဲ့ ပုံစံလို့ပဲ မြင်တယ်လို့ သူက ပြောပါတယ်။

TNLA တပ်ဖွဲ့တွေ ကျင်သီတံတားကို ဖောက်ခွဲ ဖျက်ဆီးသွားကြောင်း ပျံ့နေတဲ့ ပုံနဲ့ စာတွေက အဲဒီနေရာမှာ TNLA တပ်ဖွဲ့တွေ မရှိတော့တာကြောင့် ၈၀ ရာခိုင်နှုန်း မသေချာပဲ လုပ်ကြံဖန်တီးထားတယ်လို့ ရှုမြင်ကြောင်း သူက ပြောပါတယ်။

တပ်ထောက်ခံ အင်အားစုတွေကတော့ ဒီနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်း ကျင်သီတံတား ကနေ ဘော်ကြိုဘုရား ပတ်ဝန်းကျင်အထိ ထိန်းချုပ်ထားလိုက်နိုင်ပြီဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

နလအ တပ်ဖွဲ့ ဘက်က TNLA ထိန်းချုပ်ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ရှိ ကယားကြီးရွာကို အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသားတယောက် အနည်းငယ်ထိခိုက် ဒဏ်ရာရခဲ့ပြီး နေအိမ် ၆ အိမ် ထိခိုက် ပျက်စီးသွားခဲ့ကြောင်း TNLA ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

ကျောက်မဲနဲ့ သီပေါမြို့နယ်တွေကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်မယ့် မြို့နယ်စာရင်းတွေထဲမှာ ပါဝင်နေတာတွေ့ရပြီး နလအဘက်ကလည်း ပြန်လည်း ထိန်းချုပ်နိုင်ဖို့ ဆက်တိုက် ထိုးစစ်ဆင်နေတာကို တွေ့ရပါတယ်။

Photo Crd# Google

Credit - Voice of Myanmar

#သတင်းဟင်းလေးအိုးကြီး

image