◾️ကနီမြို့ဗဟိုပြု၍အင်အား ၄ ဒသမ ၅ အဆင့်ရှိငလျင် လှုပ်ခတ်
စစ်ကိုင်းတိုင်း၊ ကနီမြို့ကိုဗဟိုပြု၍ ယနေ့(အောက်တိုဘာ ၁၃ ရက်)မွန်းလွဲပိုင်းတွင် အင်အားရစ်ခ်ျတာ စကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
အဆိုပါငလျင်မှာ ယနေ့မြန်မာစံတော်ချိန်မွန်းလွဲ ၁၂ နာရီ၊ ၁၀ မိနစ်၊ ၃၀ စက္ကန့်တွင် ဟားခါးမြေငလျင် စခန်းမှ အရှေ့-အရှေ့တောင်ဘက် ၆၁ မိုင်ခန့်ကွာဝေးသော ကနီမြို့၏ အနောက်ဘက် ၂၁ မိုင်ခန့် အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၄၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၅၂ ဒီဂရီ၊ အနက် ၈၄ ကီလိုမီတာကိုဗဟိုပြု၍လှုပ်ခတ်ခဲ့သည့်အင်အားအနည်းငယ်ရှိမြေငလျင်တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင်ပြီးခဲ့သည့်(အောက်တိုဘာ ၉ ရက်)တွင် ပဲခူးတိုင်း၊ သာယာဝတီမြို့၌ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိငလျင်နှင့် အောက်တိုဘာ ၁၀ ရက်တွင်ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း