#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်တစ်လျှောက် နေရာခြောက်နေရာ၌ တိုက်ပွဲဖြစ်ပွား
ပါကစ္စတန်နိုင်ငံနှင့် အာဖဂန်နစ္စတန် နယ်စပ်တစ်လျှောက်၌ အောက်တိုဘာ ၁၁ ရက် ညပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်လုံခြုံရေးတာဝန်ရှိသူများက အတည်ပြုထားသည်။
ယခုသီတင်းပတ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်၌ ပါကစ္စတန်စစ်ဘက်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၁၁ ရက် ညပိုင်းတွင် အာဖဂန်တာလီဘန်များက ပါကစ္စတန်ကင်းစခန်းများကို တိုက်ခိုက် ခဲ့ရာ ပါကစ္စတန်တပ်များကလည်း အင်ပြည့်အားပြည့် တုံ့ပြန်ခဲ့ကြောင်း ပါကစ္စတန်လုံခြုံရေးတာဝန်ရှိသူ များက ပြောကြားထားသည်။
ပါကစ္စတန်တာဝန်ရှိသူများ၏ အဆိုအရအောက်တိုဘာ ၁၁ ရက် ညပိုင်းတွင် နှစ်နိုင်ငံနယ်စပ် တစ်လျှောက် အနည်းဆုံးနေရာပေါင်း ခြောက်ခုတို့၌ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပါကစ္စတန်စစ်ဘက်က အာဖဂန်ဝေဟင်ပိုင်နက် ချိုးဖောက်ခဲ့မှုအတွက် တုံ့ပြန်သည့်အနေဖြင့် လက်စားချေစစ်ဆင်ရေး ပြုလုပ်ခဲ့ကြောင်း တာလီဘန်အုပ်စု ကာကွယ်ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ပြောကြားထားသည်။
အာဖဂန်တာလီဘန်အစိုးရသည် ပါကစ္စတန်နိုင်ငံကို တိုက်ခိုက်နေသော ပါကစ္စတန် တာလီဘန် လက်နက်ကိုင်များကို အိန္ဒိယ၏ အကူအညီဖြင့်အာဖဂန်ပိုင်နက်အတွင်း နေရာပေးထားကြောင်း ပါကစ္စတန်အစိုးရက စွပ်စွဲထားသည်။
သို့ရာတွင် အခြားနိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်ရေးအတွက် အာဖဂန်ပိုင်နက်နယ်မြေအား မည်သူ့ကိုမျှ အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း အာဖဂန်တာလီဘန်အုပ်စုက ပြောကြားထားသည်။
ကိုးကား-ရိုက်တာ

image