24 နာရီ - ဘာသာပြန်ပါ။

◾️YBS ယာဉ်လိုင်းတချို့ YPS ကတ်နှင့် QR ကုတ်အသုံးပြုမရ၍ ခရီးသည်များအခက်ကြုံတွေ့
ယနေ့(အောက်တိုဘာ ၁၂ ရက်)နံနက်ပိုင်းတွင် YBS ယာဉ်လိုင်းတချို့၌ YPS ကတ်နှင့် QR ကုတ် အသုံးပြုမရ၍ YBS စီးနင်းသူခရီးသည်များ အခက်အခဲကြုံတွေ့ခဲ့ရကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
ငွေအကြွေရှားပါးခြင်းအားဖြေရှင်းနိုင်ရန် YPS ကတ်နှင့် MPyps+ App အသုံးပြု၍ QR ကုတ်ဖြင့် ယာဉ်စီးခပေးချေခြင်းစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ နည်းပညာအခက်အခဲကြောင့်အသုံးပြုမရပါက ယာဉ်စီးခပေးချေရန်အခက်အခဲကြုံတွေ့ရကြောင်း YBS စီးနင်းသူခရီးသည်တစ်ဦးကဆိုသည်။
"အကြွေရှားလို့ ကတ်သုံးတာကိုအခု ကတ်မရတော့ကားပေါ်တက်မှ ဒုက္ခရောက်ရတယ်။ QR ဖွင့်လည်း မရနဲ့။ အခုသူတို့ဘက်ကအခက်အခဲဖြစ်တာမို့ ခရီးသည်တွေကို ကတ်မရရင်အလကားပေးစီးသင့်တယ်။ နောက်တစ်ခုက ကတ်တွေပြန်သုံးလို့ရရင်ကတ်ဖြတ်တဲ့အခါ ကတ်နဲ့စီးတဲ့အခါ ကားသမားတွေ ကြည်ကြည်ဖြူဖြူလက်ခံအောင်လည်း သင်ပြထားပေးသင့်တယ်။ သူတို့ဆီကထုတ်တဲ့ကတ်နဲ့စီးတာ တောင် တချို့ကားသမားတွေက ကတ်နဲ့ဆိုမကြိုက်ချင်ကြဘူး။ ကားမရပ်‌ပေးချင်ကြဘူး။ ဒါတွေကို YRTC ဘက်ကသိသင့်တယ်။ ကြပ်မတ်သင့်တယ်" ဟု အဆိုပါ YBS စီးနင်းသူခရီးသည်တစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
Yangon Payment Services -YPS က နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကြုံတွေ့နေပါသဖြင့် YPS ကတ်နှင့် YPS QR အသုံးပြု၍ယာဉ်စီးခငွေပေးချေမှုတွင် အဆင်မပြေမှုများကြုံတွေ့နိုင်ရကြောင်းနှင့် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်း ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးကြေညာထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - YRTC
#ပြည်တွင်းသတင်း

image