ရွှေတောင် မီးသတ်ရေကန်မှာ ငါးမျှားတဲ့ G8 ကျောင်းသားနှစ်ယောက်ရေနစ်သေဆုံး 
 
အောက်တိုဘာ  ၁၃ 
 
ပဲခူးတိုင်း ၊ပြည်ခရိုင် ၊ရွှေတောင်မြို့ရှိ  ဗဟိုမီးသတ်ကန်မှာ ငါးမျှားတဲ့ ကျောင်းသားနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။  
 
မနေ့က အောက်တိုဘာ ၁၂ ရက်နေ့ ၊ ညနေ ၃ နာရီလောက်မှာ ရွှေတောင်မြို့စျေးအနီးရှိ ၊ဗဟိုမီးသတ်ရေကန်အတွင်းမှာ ကျောင်းသားနှစ်ယောက်ငါးမျှားရာမှ ကျောင်းသားတယောက်မှာရေနစ်မှုဖြစ်ပွားတဲ့အတွက်  ကျန်ရှိကျောင်းသားမှကယ်ဆယ်ဖို့ကြိုးစားစဥ် နှစ်ယောက်လုံးရေနစ်မြုပ်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။  
 
"  ငါးမျှားတန်က ကန်ထဲပြုတ်ကျသွားလို့ ကန်ထဲဆင်းကောက်တာမှာ တယောက်အရင်ရေနစ်တော့ နောက်တယောက်က လိုက်ကယ်ရင်း နှစ်ယောက်လုံးနစ်သွားတဲ့သဘောပါ။ခုချိန်ရေကန်ကြီးကလည်း ရေပြည့်နေတာဆိုတော့လေ သတိထားရမှာပါ ။သေဆုံးတဲ့ကောင်လေးတွေက ရွှေတောင်ကပါပဲ။ ထီးတန်း ရပ်ကွက်နဲ့ ဒေါနခြံကပါ။" လို့ ဖြစ်စဥ်သိရှိသူဒေသခံကပြောပါတယ်။  
 
ရေနစ်သေဆုံးခဲ့ရတဲ့ ကျောင်းသားလေးတွေက Grade 8 တက်ရောက်နေတဲ့ အသက် ၁၅ နှစ်အရွယ် 
ကျောင်းသားတွေဖြစ်ပြီး မောင်ပိုင်သူထက်နဲ့ မောင်ရဲရင့်အောင်ဆိုသူတို့ဖြစ်ကြောင်း၊  ကျောင်းပိတ်ချိန်မှာ သူငယ်ချင်းနှစ်ယောက် ငါးမျှားသွားကြရာကနေ ခုလို အသက်သေဆုံးခဲ့ကြရတာဖြစ်တယ်လို့သိရပါတယ်။  
 
သေဆုံးသူကျောင်းသားမောင်ပိုင်သူထက်ရဲ့ မိခင်ဖြစ်သူက " ကျောင်းပိတ်တုန်း အိမ်ကမသိအောင်ထွက်သွားကြတာပါရှင်။ဒီနေ့ ကျောင်းတက်မယ့်ကလေးလေးပါ။အခုတော့ဘဝဆုံးရရှာပြီရှင်။ကျွန်မသားလေးနဲ့သူ့သူငယ်ချင်းပါရှင့် ။သူ့သူငယ်ချင်းကိုကယ်ရင်းသူပါသေဆုံးခဲ့ရတာပါရှင်။"လို့ သူ့ရဲ့လူမှုကွန်ယက်ကနေပြောဆိုထားပါတယ်။  
 
ယခု ကျောင်းသားလေးတွေ သေဆုံးခဲ့ရတဲ့ ရေကန်ကြီးမှာ ရေနစ်သေဆုံးမှုတွေမကြာခဏဖြစ်ပွားလေ့ရှိတာကြောင့် ရေကန်ကြီးမှာ လူသေဆုံးတဲ့ကိစ္စရပ်တွေ ထပ်မံမဖြစ်ပွားအောင် အုတ်တံတိုင်းခတ်ကာရံပေးဖို့ ဒေသခံတွေက ဆန္ဒရှိနေကြပါတယ်။ 
 
ဓာတ်ပုံ - ရွှေတောင်မြို့နာရေးကူညီမှုအသင်း  
 
Credit - Voice of Myanmar News Agency 
 
#သတင်းဟင်းလေးအိုးကြီး

 
          
        
         
 
		  
		 
		 
		 
		 
		 
                