ရွှေတောင် မီးသတ်ရေကန်မှာ ငါးမျှားတဲ့ G8 ကျောင်းသားနှစ်ယောက်ရေနစ်သေဆုံး

အောက်တိုဘာ ၁၃

ပဲခူးတိုင်း ၊ပြည်ခရိုင် ၊ရွှေတောင်မြို့ရှိ ဗဟိုမီးသတ်ကန်မှာ ငါးမျှားတဲ့ ကျောင်းသားနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

မနေ့က အောက်တိုဘာ ၁၂ ရက်နေ့ ၊ ညနေ ၃ နာရီလောက်မှာ ရွှေတောင်မြို့စျေးအနီးရှိ ၊ဗဟိုမီးသတ်ရေကန်အတွင်းမှာ ကျောင်းသားနှစ်​​ယောက်ငါးမျှားရာမှ ကျောင်းသားတယောက်မှာရေနစ်မှုဖြစ်ပွားတဲ့အတွက် ကျန်ရှိကျောင်းသားမှကယ်ဆယ်ဖို့ကြိုးစားစဥ် နှစ်ယောက်လုံးရေနစ်မြုပ်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

" ငါးမျှားတန်က ကန်ထဲပြုတ်ကျသွားလို့ ကန်ထဲဆင်းကောက်တာမှာ တယောက်အရင်ရေနစ်တော့ နောက်တ​ယောက်က လိုက်ကယ်ရင်း နှစ်ယောက်လုံးနစ်သွားတဲ့သဘောပါ။ခုချိန်ရေကန်ကြီးကလည်း ရေပြည့်နေတာဆိုတော့လေ သတိထားရမှာပါ ။သေဆုံးတဲ့ကောင်လေးတွေက ရွှေတောင်ကပါပဲ။ ထီးတန်း ရပ်ကွက်နဲ့ ဒေါနခြံကပါ။" လို့ ဖြစ်စဥ်သိရှိသူဒေသခံကပြောပါတယ်။

ရေနစ်သေဆုံးခဲ့ရတဲ့ ကျောင်းသားလေးတွေက Grade 8 တက်ရောက်နေတဲ့ အသက် ၁၅ နှစ်အရွယ်
ကျောင်းသားတွေဖြစ်ပြီး မောင်ပိုင်သူထက်နဲ့ မောင်ရဲရင့်အောင်ဆိုသူတို့ဖြစ်ကြောင်း၊ ကျောင်းပိတ်ချိန်မှာ သူငယ်ချင်းနှစ်ယောက် ငါးမျှားသွားကြရာကနေ ခုလို အသက်သေဆုံးခဲ့ကြရတာဖြစ်တယ်လို့သိရပါတယ်။

သေဆုံးသူကျောင်းသားမောင်ပိုင်သူထက်ရဲ့ မိခင်ဖြစ်သူက " ကျောင်းပိတ်တုန်း အိမ်ကမသိအောင်ထွက်သွားကြတာပါရှင်။ဒီနေ့ ကျောင်းတက်မယ့်ကလေးလေးပါ။အခုတော့ဘဝဆုံးရရှာပြီရှင်။ကျွန်မသားလေးနဲ့သူ့သူငယ်ချင်းပါရှင့် ။သူ့သူငယ်ချင်းကိုကယ်ရင်းသူပါသေဆုံးခဲ့ရတာပါရှင်။"လို့ သူ့ရဲ့လူမှုကွန်ယက်ကနေပြောဆိုထားပါတယ်။

ယခု ကျောင်းသားလေးတွေ သေဆုံးခဲ့ရတဲ့ ရေကန်ကြီးမှာ ရေနစ်သေဆုံးမှုတွေမကြာခဏဖြစ်ပွားလေ့ရှိတာကြောင့် ရေကန်ကြီးမှာ လူသေဆုံးတဲ့ကိစ္စရပ်တွေ ထပ်မံမဖြစ်ပွားအောင် အုတ်တံတိုင်းခတ်ကာရံပေးဖို့ ဒေသခံတွေက ဆန္ဒရှိနေကြပါတယ်။

ဓာတ်ပုံ - ရွှေတောင်မြို့နာရေးကူညီမှုအသင်း

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage