Grade 12 သင်ရိုးညွှန်းတမ်းမှာ ဥပဒေဘာသာရပ် ထည့်သွင်းပို့ချနိုင်ဖို့ ပထမ ဦးစားပေးလုပ်ငန်းအစီအစဉ်များ စတင်ဆောင်ရွက်နေပြီဟုဆို

အောက်တိုဘာ ၁၃

တတိယမြောက် မဟာဗျူဟာစီမံကိန်းအရ အသစ်ဆောင်ရွက်ရမည့်လုပ်ငန်းများအဖြစ် ဥပဒေအသိပညာဆိုင်ရာ ဒီပလိုမာဘွဲ့ သင်တန်းဖွင့်လှစ်ခြင်း၊ တက္ကသိုလ်ကျောင်းသားများနှင့် ရှေ့နေရှေ့ရပ်များအတွက် ဥပဒေပညာရပ် ဆိုင်ရာသင်တန်းများဖွင့်လှစ်ခြင်း၊ Grade 12 သင်ရိုးညွှန်းတမ်းတွင် ဥပဒေဘာသာရပ် ထည့်သွင်းပို့ချ နိုင်ရန် TOT သင်တန်းများဆောင်ရွက်ခြင်း၊ e - library တည်ထောင်ခြင်း စသည့်ပထမ ဦးစားပေးလုပ်ငန်းအစီအစဉ်များကို စတင်ဆောင်ရွက်နေပြီဟု ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောကြားသည်။

အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများနှင့် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်ထိ အကောင်အထည်ဖော်ဆောင်ရွက်မည့် တတိယမြောက် မဟာဗျူဟာစီမံကိန်းကို “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” “Building Legal Trust for the People” ဟူသည့် ဆောင်ပုဒ်ချမှတ်ခဲ့ပြီး ပန်းတိုင် ၅ ရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အလားတူ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၌ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဆင့်ဆင့်တွင် သက်ဆိုင်ရာ တာဝန်ခံဥပဒေအရာရှိများက အဖွဲ့ဝင်အဖြစ်ပါဝင်လျက်ရှိသည့်အတွက် တာဝန်ခံဥပဒေအရာရှိများအနေဖြင့် ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” ခေါင်းစဉ်နှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို အများပြည်သူက သိရှိစေရန်နှင့် ယုံကြည်ကိုးစားနိုင်ရန်၊ မဟာဗျူဟာစီမံကိန်းပါ ပန်းတိုင်များ အောင်မြင်စေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေချုပ်ရုံးများကလည်း လုပ်ငန်းအစီအစဉ်များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

သတင်းအချက်အလက် နည်းပညာ(IT) နှင့်ပတ်သက်၍ “သတင်းအချက် အလက်နှင့်ဆက်သွယ်ရေးဆိုင်ရာ မူဝါဒ” ကို ရေးဆွဲပြီးဖြစ်သဖြင့် ယင်းမူဝါဒနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် လက်အောက်ခံ ဥပဒေရုံးများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် လိုက်နာဆောင်ရွက်ရန်ဖြစ်သည့်အပြင် လုပ်ငန်းခွင်တွင် ခေတ်မီနည်းပညာများကို ပေါင်းစပ်အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် လက်အောက်ခံဥပဒေရုံးများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အထောက်အပံ့ပစ္စည်းများ၊ အခြေခံအဆောက်အအုံများ ကောင်းမွန်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့် ဘဏ္ဍာငွေများတောင်းခံ၍ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍လည်း ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည့်အတွက် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေ အရာရှိများအနေဖြင့် အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် လွှတ်တော်သုံးရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများကို ကျေညက်စွာ လေ့လာထား ရန်လိုအပ်ကြောင်းနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ဖြင့် ဥပဒေအကြံပြုချက် တောင်းခံသည့်အမှုများကို ဥပဒေအကြံပြု ပြန်ကြားရာတွင် သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို ပြည့်စုံစွာကိုးကား၍ အကြံပြုပြန်ကြားရန် လိုအပ်ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image