ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနေမှုများကို တက်ရောက်ကြည့်ရှုအားပေး

အောက်တိုဘာ ၁၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှတို့သည် အောက်တိုဘာ ၁၁ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ ဆင်ဖြူရှင်ခန်းမနှင့်အမျိုး သားပြတိုက်တို့၌ ကျင်းပလျက်ရှိသည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)ပြိုင်ပွဲ ယှဉ် ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှတို့နှင့်အတူ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှပြိုင်ပွဲဝင်များ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ အနုသုခုမပညာရပ်ကို ချစ်မြတ်နိုးကြသည့်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားအိုးစည်အတီးပြိုင်ပွဲနှင့် အမျိုးသားဒိုးပတ်ပြိုင်ပွဲတို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ပြိုင်ပွဲဝင် အဖွဲ့များက လှပသေသပ်လှသည့် တီးလုံးတီးကွက်များ၊ ကပြသီဆိုမှုများဖြင့်မြူးကြွမြိုင်ဆိုင်စွာ ယှဉ်ပြိုင်နေမှု၊ အမျိုးသားပြတိုက်(Mini Theatre) တွင် ကျင်းပပြုလုပ်လျက်ရှိသည့်အခြေခံ ပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးစောင်းတီးပြိုင်ပွဲတွင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် ပြိုင်ပွဲဝင်များကလျှပ်ပန်းခွေနွဲ့(ယိုးဒယား) သီချင်းဖြင့် သာယာနာ ပျော်ဖွယ် တီးခတ် ယှဉ်ပြိုင်နေမှုတို့ကိုကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး ယာယီသမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် အဆင့်မြင့်ပညာအဆင့်(အမျိုးသမီး) စန္ဒရား ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက မနက်ဖြန်(သို့မဟုတ်) ဘယ်သောအခါ(ကာလပေါ်)သီချင်းဖြင့် တီးခတ်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီးယှဉ်ပြိုင်မှုအပြီးတွင် ယာယီသမ္မတ နှင့်ဇနီး တို့သည် ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေး နေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုး သား ယဉ်ကျေးမှုလက္ခဏာများကိုဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေး၊ ပြည်ထောင်စုသွေးချင်းများ၏ သွေးစည်းညီညွတ်သည့် စိတ်ဓာတ်နှင့် အမျိုးသားစည်းလုံးညီညွတ်မှု စိတ်ဓာတ်တို့ကို မြန်မာ့အနုပညာဖြင့်ဖော်ထုတ်ပြသနိုင်ရေး၊ မြန်မာ့ရိုးရာအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များသို့လက်ဆင့် ကမ်းအမွေပေးအပ်နိုင်ရေးနှင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုနှင့် အနုပ ညာ၏ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးစသည့် ရည်ရွယ် ချက်များဖြင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ် ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစားများအလိုက် သတ်မှတ်ထားသည့်နေရာအသီးသီးတွင် ခမ်းနားထည်ဝါစွာ ကျင်းပလျက်ရှိသည်။

ထိုသို့ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစားများအလိုက် သတ်မှတ်ထားသည့်နေရာအသီးသီးတွင် ခမ်းနားထည်ဝါစွာ ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှပြိုင်ပွဲ ဝင်များက အနုပညာရသပေါ်လွင်စွာဖြင့် ယှဉ်ပြိုင်လျက်ရှိကြ သည့်အပြင်အနုသုခုမပညာရပ်ကို စိတ်ပါဝင်စားကြသည့် ဝါသနာရှင်များကလည်းလာရောက်ကြည့်ရှုအားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage