ပီရူးလွှတ်တော်က သမ္မတကို ရာထူးမှဖယ်ရှား
လီမာ၊ အောက်တိုဘာ ၁၁
ပီရူးလွှတ်တော်သည် အောက်တိုဘာ ၁၀ ရက်က သမ္မတ ဒိုင်နာ ဘော်လာတေး (Dina Boluarte) ကို မဲခွဲပြီး ရာထူးမှ ဖယ်ရှားခဲ့သည်ဟု DW သတင်းဌာနမှ ဖော်ပြခဲ့သည်။
ရာဇဝတ်မှုများကို နှိမ်နင်းနိုင်စွမ်း မရှိသည့် အစိုးရအဖွဲ့၏ အားနည်းချက်အား ကိုးကားပြီး လွှတ်တော်က သမ္မတ ကို မဲခွဲဆုံးဖြတ်၍ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၉ ရက် ညသန်းခေါင်ကတည်းက လွှတ်တော်အမတ်များသည် သမ္မတ ဘော်လာတေးကို မိမိကိုယ်ကိုယ် ခုခံလျှောက်လှဲရန် လွှတ်တော်သို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သည်။
သို့သော် ဘော်လာတေးသည် လွှတ်တော်သို့ လာရောက်ခဲ့ခြင်း မရှိသဖြင့် လွှတ်တော်အမတ်များက မဲခွဲဆုံးဖြတ်ပြီး ၎င်းအား သမ္မတရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
သမ္မတအား စွပ်စွဲပြစ်တင်ပြီး ရာထူးမှ ဖယ်ရှားရန် သင့်၊ မသင့် မဲခွဲဆုံးဖြတ်ချိန်တွင် လွှတ်တော်အမတ် ၁၂၂ ဦးရှိ သည့်အနက် ၁၁၈ ဦးက သမ္မတကို ရာထူးမှဖယ်ရှားရန် မဲပေးခဲ့သည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဟိုဆေး ဂျာရီ (Jose Jeri) က ပြောကြားခဲ့သည်။
“သမ္မတကို စွပ်စွဲပြစ်တင်မှုကို အတည်ပြု လိုက်ပါပြီ။ ဒီနေ့မှာ ကျနော်ဟာ ယာယီသမ္မတအဖြစ် တာဝန် ထမ်းဆောင်သွားပြီး အသွင်ကူးပြောင်းရေးအစိုးရကို ဦးဆောင်သွားမှာပါ” ဟု လွှတ်တော်ဥက္ကဋ္ဌ ဂျာရီက ပြောသည်။
ဂျာရီသည် ယာယီသမ္မတအဖြစ် လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်၊ ဧပြီလ၌ ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီအချိန်အထိ အစိုးရအဖွဲ့ကို ဦးဆောင်သွားမည်ဖြစ်သည်။
ဘော်လာတေးသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ပီရူးသမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပီရူးနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်ခဲ့သည်။
သို့သော် ၎င်း၏ အစိုးရအဖွဲ့သည် နိုင်ငံအတွင်း မြင့်တက်လာသည့် ရာဇဝတ်မှုများ၊ အထူးသဖြင့် လူသတ်မှုများနှင့် ခြိမ်းခြောက် ငွေညှစ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်း မရှိသဖြင့် ဝေဖန်ခံခဲ့ရသည်။
ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လလယ်ပိုင်းကြား ပီရူးတွင် ရာဇဝတ်မှုများကြောင့် လူပေါင်း ၆၀၄၁ ဦး သေဆုံးခဲ့ပြီး ထိုအရေအတွက်သည် ၂၀၁၇ ခုနှစ်နောက်ပိုင်း လူသေဆုံးမှု အများဆုံး အရေအတွက် ဖြစ်ခဲ့သည်။
Source: DW
ပုံ - ပီရူးသမ္မတ ဒိုင်နာ ဘော်လာတေးကို တွေ့ရစဉ်
Credit - CNI Burmese
#centralnewsnaypyitaw

