လွန်ခဲ့တဲ့ ဧပြီလက Snow White ရုပ်ရှင် အရှုံးပေါ်အပြီး အချိန်အကန့်အသတ်မရှိ ရပ်နားလိုက်တဲ့ Tangled live-action ရုပ်ရှင်ဟာ အခုအချိန်မှာတော့ ပြန်အသက်ဝင်လာပြီဖြစ်ပြီး ဟောလိဝုဒ်ထိပ်တန်းမင်းသမီး Scarlett Johansson က ဗီလိန်ကြီး Mother Gothel အဖြစ် ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။
Disney ဟာ သူ့ရဲ့နာမည်ကျော်အန်နမေးရှင်းရုပ်ရှင်တွေကို live-action အဖြစ် ပြန်လည်အသက်သွင်းဖို့ ကြိုးစားခဲ့ရာမှာ The Little Mermaid, Snow White ရုပ်ရှင်တို့က ရလဒ်မကောင်းခဲ့တာကြောင့် ဆံရှည်မင်းသမီးလေး Rapunzel ရဲ့ Tangled ရုပ်ရှင်ပရောဂျက်ကို ရပ်နားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်အတွင်းမှာပဲ ထွက်ရှိခဲ့တဲ့ Lilo & Stitch ရုပ်ရှင်က ရုံဝင်ငွေအမြတ်အစွန်းရရှိခဲ့သလို ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့တာကြောင့် Disney က အခုအချိန်မှာ Tangled ရုပ်ရှင်ကို ပုံဖော်ဖို့အတွက် ဆုံးဖြတ်လိုက်တာပါ။ ဒီရုပ်ရှင်ကို The Greatest Showman ရုပ်ရှင်ဒါရိုက်တာ Michael Gracey က တာဝန်ယူရိုက်ကူးသွားဖို့ စီစဥ်ထားပြီး Scarlett Johansson ကို Mother Gothel နေရာအတွက် နံပါတ်တစ် ဦးစားပေးအဖြစ် စတင်စကားပြောညိနှိုင်းနေကြပြီဖြစ်ပါတယ်။
ဒါ့အပြင် Disney ဟာ လာမယ့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ Moana live-action ရုပ်ရှင်ကို ရုံတင်ပြသသွားဖို့လည်း ရှိနေပါသေးတယ်။ Live-action ရုပ်ရှင်တွေကို အလျှော့မပေးသေးတဲ့ Disney အနေနဲ့ ဆုံးဖြတ်ချက်မှန်ကန်မလား၊ ပရိသတ်တွေရဲ့ ဝေဖန်သံတွေနဲ့ ထပ်ပြီးရင်ဆိုင်ရဦးမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Tangled အန်နမေးရှင်းရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး ရုံဝင်ငွေ သန်း ၆၀၀ နီးပါးရရှိခဲ့သလို ရုပ်ရှင်ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်တဲ့ I See the Light ကလည်း အော်စကာဆုဆန်ခါတင်စာရင်း ဝင်ခဲ့ပါသေးတယ်။
ကိုးကား - Deadline, Variety
#cinemaboulevard #news #tangled #disney #scarlettjohansson