ကိုယ်စားလှယ်လောင်းစာရင်းများကို အောက်တိုဘာလ တတိယအပတ်တွင် ကပ်ထားကြေညာသွားမည်

အောက်တိုဘာ ၁၁

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းစာရင်းများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများ၌ အောက်တိုဘာလ တတိယအပတ်တွင် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

အဆိုပါရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည် စာရင်း တင်သွင်းမှုများကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် စက်တင်ဘာ ၂၃ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့အထိ စိစစ်ဆောင်ရွက်ခဲ့သည်။

ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကိုယ်စားလှယ် လောင်းများ၏ အချက်အလက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၊ ပုဒ်မ ၁၀ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း ရှိ/မရှိကို စိစစ်ရန် ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနများသို့ ပေးပို့၍ စိစစ်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image