ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ အရှေ့မှ မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် နှစ်ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရ

အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၎င်းအရှေ့မှ မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် နှစ်ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲ​ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်မှုအရ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၈ ရက် နံနက် ၄ နာရီ ၅၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၅ မိုင် ၁ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဉာဏရပ်ကွက်နေ မြင့်နိုင် (၄၈)နှစ် မောင်းနှင်ပြီး ခရီးသည် ၄၅ ဦး လိုက်ပါလာသည့် YGN-3/3P-XXXX SUNLONG ခရီးသည်မော်တော်ယာဉ်သည် မန္တလေးမှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ ၎င်းအရှေ့မှ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်နေ ဦးသက်နိုင်(၄၂)နှစ် မောင်းနှင်လာသည့် 8L-XXXX LIGHT TRUCK မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် LIGHT TRUCK မော်တော်ယာဉ်ပေါ်တွင် လိုက်ပါ စီးနင်းလာသည့် အမျိုးသား နှစ်ဦး သေဆုံးကာ ကလေးငယ် သုံးဦး အပါအဝင် အမျိုးသား ငါးဦးနှင့် အမျိုးသမီး ရှစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

ထို့ကြောင့် ယာဥ်မောင်း မြင့်နိုင်အား မြို့ချောင်း အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၂၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

Credit - MT News Agency

#centralnewsnaypyitaw

image