ဂူတွင်းတရားကျင့်ကြံမှု(၉၃)ရက်ပြည့်ပြီးသည့် မိုင်းဖုန်းဆရာတော်ကြီး ဖာ့ဝါးဂူအတွင်းမှ ပြန်လည်ထွက်တော်မူလာ
မိုင်းဖုန်းဆရာတော်ကြီးသည် ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့မှစတင်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ (၄)၊ နမ့်ပန်းခရိုင်ရှိ ဖာ့ဝါးဂူအတွင်း၌ (၉၃)ရက်ကြာ တရားကျင့်ကြံမှုများပြုလုပ်ခဲ့ရာ (၉၃)ရက်ပြည့်ပြီး တရားကျင့်ကြံမှုပြီးဆုံးခဲ့သဖြင့် အောက်တိုဘာ ၇ ရက်က ဖာ့ဝါးဂူအတွင်းမှ ပြန်လည်ထွက်တော်မူလာခဲ့သည်။
အထူးဒေသ(၄)၏ တာဝန်ရှိသူများ၊ တပည့် ဒါယိကာ၊ ဒါယိကာမများက မိုင်းဖုန်းဆရာတော်ကြီးအားကြိုဆိုပင့်ဆောင်ရာ ဆရာတော်ကြီးမှ တရားကျင့်ကြံစဉ် ကိုယ်တိုင်ရေးဆွဲတော်မူခဲ့သော ဗုဒ္ဓပုံတော်ကိုလက်ဆောင်ပေးခဲ့ပြီးနောက် တရားဓမ္မများဟောကြားခြင်း၊ ဗုဒ္ဓဘာသာဝင်များအားလုံး နေထိုင်မှုဘဝအတွင်း လိုက်နာရအချက်များ၊ လူမှုဆက်ဆံရေး၊ ဘာသာစကားမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံတို့ကို လေ့လာသင်ယူကြရန် မိန့်ကြားတော်မူခဲ့သည်။
ထို့ပြင် အထူးဒေသ(၄)၏ နှစ်ကာလကြာရှည်စွာထိန်းသိမ်းစောင့်ရှောက်ထားသည့် တည်ငြိမ်အေးချမ်းမှုကို တန်ဖိုးထားကာ အတူတကွဆက်လက်စောင့်ထိန်းရမည်ဟုလည်း မိုင်းဖုန်းဆရာတော်ကြီးက မိန့်ကြားတော်ခဲ့သည်။
မိုင်းဖုန်းဆရာတော်ကြီးသည် ဖာ့ဝါးဂူအတွင်း၌ တရားကျင့်ကြံတော်မူခဲ့သည့် (၉၃)ရက်တာအတွင်း တရားကျင့်ကြံခြင်း၊ တရားဓမ္မများရေးသားခြင်းနှင့် ဘုရားပုံတော်များရေးဆွဲခြင်းတို့ကိုနေ့စဉ်ပြုလုပ်ပြီး (၇)ရက်တစ်ကြိမ်သာ သီးနှံများကိုစားသုံးတော်မူခဲ့သည်။
