မဲစရင်းကိစ္စဝေဖန်လို့ ဘူးလက်လှဆွေ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ သတင်းထွက်
အောက်တိုဘာ ၁၀
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ဗဟိုကော်မတီဝင် တယောက်ဖြစ်တဲ့ ဦးလှဆွေ (ခ) ဘူးလက်လှဆွေကို လက်ရှိမှာ နလအ တာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေး မေးမြန်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဦးလှဆွေဟာ လက်ရှိ မဲစာရင်း အခြေအနေနဲ့ ပတ်သက်လို့ မှားယွင်းမှုတွေ ရှိနေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က သူ့ရဲ့ လူမှုန်ကွန်ရက် စာမျက်နှာကတဆင့် live လွှင့် ပြောဆိုခဲ့ပြီးနောက် သုံးရက်အကြာ အောက်တိုဘာ ၈ ရက်နေ့မှာ ခေါ်ယူမေးမြန်းခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဦးလှဆွေက နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်က မဲစာရင်းတွေမှာ ရာနဲ့ချီ စာရင်းကွာဟမှုတွေ ရှိနေပြီး လူဦးရေ ၅၀၀ လောက်မှာ ၃၀၀ လောက်က မှားယွင်းနေတယ်လို့ သူ့ရဲ့ live မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီ live မှာ ဦးလှဆွေက “ကျွန်တော် မဲစာရင်းတွေ ကပ်ထားတာ သွားကြည့်တယ်။ သွားကြည့်တော့ တော်တော်များများ လွဲနေတာတွေ့တယ်။ ဘယ်လို လွဲတာလဲဆို ၂၀၂၀ တုန်းက မဲစာရင်း အဟောင်းကြီးတွေလို့ ယူဆရတယ်။ အဲဒါတွေ ပြန်ကပ်ပေးတယ်။ အခု ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ အသစ်ပြန်ကောက်တဲ့ စာရင်းတွေ မဟုတ်ဘူး။ ကွာတာက တော်တော်ကွာတယ်။ UEC နဲ့ ပုံစံ (၃) နဲ့ ပြန်လျှောက်ပြီး ပြန်လုပ်ရင် တော်တော်ကို လုပ်ရမယ်။ အောက်တိုဘာ ၁၂ ရက်နေ့ ဆိုတော့ ဒီနေ့က ၅ ရက်နေ့ ဆိုတော့ တပတ်ပဲ ကျန်တော့တယ်။ ဒီတပတ်အတွင်းမှာ တော်တော်ကို လုပ်ယူရမယ်” လို့ ပြောပါတယ်။
ဒါအပြင် အဲဒီ မဲစာရင်းတွေမှာ သေဆုံးပြီးသား သူတွေလည်း ပါဝင်နေပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ မိသားစုတောင် မဲစာရင်းထဲ မပါဘူးလို့ သူက ပြောပါတယ်။
အဲဒီလို live လွှင့် ပြောဆိုခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၈ ရက်နေ့၊ ညပိုင်းမှာတော့ နလအ တာဝန်ရှိသူတွေက ဦးလှဆွေကို သူ့ရဲ့ နေအိမ်ကနေ ခေါ်ဆောင်သွားခဲ့ပြီး စစ်ဆေး မေးမြန်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ USDP ရဲ့ ပြောရေးဆိုခွင့် ရှိသူတယောက်ကို VOM က ဆက်သွယ် မေးမြန်းရာမှာတော့ “ကျွန်တော်တို့တော့ ဘာမှ မကြားဘူး။ သတင်းကတော့ ထွက်ကြမှာပဲလေ။ ဒီခေတ်၊ ဒီအခါကတော့ ဟုတ်တယ်မဟုတ်လား။ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော ထွက်ကြမှာပဲ” လို့ ပြောပါတယ်။
လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဦးလှဆွေရဲ့ ဖုန်းတွေကိုလည်း ဆက်သွယ်လို့ မရတော့ဘူးလို့ သိရပြီး သူရဲ့ TikTok လူမှုကွန်ရက်မှာ နေ့စဉ် တင်လေ့ရှိတဲ့ သုံးသပ်ချက် ဗီဒီယိုတွေကိုလည်း မတွေ့ရသေးပါဘူး။
ဒါအပြင် သတင်းသမားတွေ စုဝေးနေကြတဲ့ Viber Group မှာလည်း သတင်းသမား တယောက်က ဘူးလက်လှဆွေ အဖမ်းခံထားရသလားလို့ နလအ တာဝန်ရှိသူတွေကို မေးခွန်း ထုတ်ထားပေမယ့် နလအ ဘက်ကတော့ ဘာမှ အကြောင်းပြန်ထားခြင်း မရှိသေးပါဘူး။
Photo - CJ
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး