ဂျပန် လူမျိုးတွေရဲ့ ငှက်ပျောသီး စားပြီး ဝိတ်ချနည်း
ဧရာဝတီ
ကိုယ်အလေးချိန် လျှော့ချနည်း များစွာထဲမှာ ဂျပန် လူမျိုးတွေရဲ့ ငှက်ပျောသီး စားပြီး ဝိတ်ချနည်းဟာ ၂၀၀၈ ခုနှစ် လောက် ကတည်းက ကိုယ်အလေးချိန် လျှော့ချလိုသူတွေကြား ရေပန်းစားခဲ့တာပါ။
ဂျပန် မဂ္ဂဇင်းတခု ဖြစ်တဲ့ Yohobika မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ ငှက်ပျောသီး Diet စားသုံးသူ ၈၀ ရာခိုင်နှုန်းခန့်ဟာ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားကြပြီး ခါးနဲ့ဝမ်းဗိုက်က အဆီတွေပါ လျော့နည်းသွားတယ်လို့ ဖော်ပြ ထားပါတယ်။
ငှက်ပျောသီးဟာ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာ တမျိုးဖြစ်တဲ့ အပြင် ပိုတက်ဆီယမ် ကြွယ်ဝပြီး ကယ်လိုရီ လျော့နည်းစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချဖို့ များစွာ အထောက်အကူ ဖြစ်စေပါတယ်။
ငှက်ပျောသီး ဝိတ်ချနည်းရဲ့ အားသာချက်ကတော့ ဗိုက်မကြာခဏ ဆာတတ်သူတွေ အနေနဲ့ ငှက်ပျောသီး စားခြင်းက အဆာခံစေနိုင်တာကြောင့် သက်သောင့်သက်သာ ဖြစ်စေတာပဲ ဖြစ်ပါတယ်။
ငှက်ပျောသီးနဲ့ ဝိတ်ချနည်းကတော့ မနက်စာ စားတဲ့အခါ ငှက်ပျောသီးတလုံး၊ ရေတဖန်ခွက်ကို အရင် စားသုံးပြီးမှ မိမိ စားချင်တဲ့ မနက်စာ အစားအစာကို ကယ်လိုရီ ၂၀၀ အောက် လျော့နည်းစေအောင် စားသုံးရမှာဖြစ်ပါတယ်။
နေ့လယ်စာနဲ့ ညနေစာတွေ စားသုံးတဲ့အခါ အစာမစားခင်မှာ ငှက်ပျောသီး တလုံးကို စားပေးရမှာ ဖြစ်ပြီး ဟင်းသီးဟင်းရွက် နဲ့ အသားဓာတ်ကိုတော့ လုံလောက်အောင် စားပေးရမှာ ဖြစ်ပါတယ်။
မကြာခဏ ဗိုက်ဆာတတ်သူတွေ အနေနဲ့ ငှက်ပျောသီးကို သကြားမပါတဲ့ ဒိန်ချဉ် အလွတ်နဲ့ တွဲဖက်စားသုံး ပေးနိုင်သလို ညအိပ်ခါနီး ဗိုက်ဆာတတ်သူတွေ အနေနဲ့လည်း ငှက်ပျောသီး တလုံးခန့် စားပေးနိုင်ပါတယ်။
ငှက်ပျောသီး ဝိတ်ချနည်း စားသုံးတဲ့အခါ သတိပြုရမှာတွေကတော့ ဆီကြော်မုန့်တွေနဲ့ အသင့်စား အစားအစာတွေကို ရှောင်ကြဉ် သင့်ပြီး ရေများများ သောက်ပေးတာ၊ လက်ဖက်စိမ်း ရေနွေးကြမ်း ဒါမှမဟုတ် ရိုးရိုး ရေနွေး သောက်သုံး ပေးတာ၊ အိပ်ရေးဝဝ အိပ်စက်ပေးတာ တို့ကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။