မဲစာရင်းများ ကပ်ထားမည့်ရက် ထပ်တိုးသတ်မှတ်
အောက်တိုဘာ ၁၀
ယခုနှစ် ဒီဇင်ဘာ၂၈ ရက်မှာ စတင်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာခြင်းကို နောက်ထပ် (၇) ရက်အထိ တိုးမြှင့်သတ်မှတ်ပေးလိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာ ၉ ရက်၊ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။
အဆိုပါ ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာခြင်းကို ယခင်က စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၁၃ ရက်အထိ ကပ်ထားကြေညာမှာဖြစ်ကြောင်း သတ်မှတ်ခဲ့ရာကနေ ယခုအခါမှာ အောက်တိုဘာ ၁၄ ရက်ကနေ အောက်တိုဘာ၂၀ ရက်အထိ ထပ်တိုးသတ်မှတ်လိုက်တာပါ။
မဲစာရင်းတွေ ပြည့်စုံမှန်ကန်စေဖို့နဲ့ မဲဆန္ဒရှင်တွေက လိုအပ်တဲ့ တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာတွေ တင်ပြရာမှာ အချိန်ပိုမိုရရှိစေဖို့အတွက် ယခုလို နောက်ထပ် ၇ ရက် ထပ်တိုးကြေညာတာဖြစ်လို့ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းနဲ့ပတ်သက်ပြီး တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာတွေကို အောက်တိုဘာ၂၀ ရက်အထိ တင်ပြဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယအကြိမ်မဲစာရင်းကိုတော့ လာမယ့် နိုဝင်ဘာဒုတိယပတ်မှာ ကပ်ထားကြေညာသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရပါတယ်။
#centralnewsnaypyitaw