ရန်ကုန်မြို့က ကားလမ်းမ တချို့ ရေကျော်နေပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေ

အောက်တိုဘာ ၁၀

ရန်ကုန်မြို့မှာ မနေ့ အောက်တိုဘာ ၈ ရက်နေ့ကနေစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြို့နယ်တချို့က ကားလမ်းမတွေမှာ ရေကျော်နေပြီး ယာဉ်လမ်းကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။

ရန်ကုန်မြို့ရှိ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း အစရှိတဲ့ နေရာတွေမှာ ကားလမ်း ရေကျော်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“အင်းလျားလိတ် ဟိုတယ်နားမှာလည်း ရေကျော်နေတယ်။ ကမ္ဘာအေးဘုရားလမ်းဆို လုံးဝ ပိတ်နေတာ။ မြို့ထဲကနေ ရွှေဂုံတိုင် မီးပွိုင့်ကနေစပြီး တောက်လျှောက် တိုးလာတာ၊ အင်းလျားလိတ်ဟိုတယ် မီးပွိုင့်နား ရောက်တဲ့အထိ တိုးနေရတုန်း။ ကမ္ဘာအေးဘုရားလမ်းက အောက်ကြော တကြောလုံးက ရေမြုပ်နေတယ်၊ သွားလို့မှမရတာ။ အပေါ်ကြောပဲ သွားလို့ရတယ်” လို့ အငှားယာဉ်မောင်း တယောက်က ပြောပါတယ်။

ဒါအပြင် ဗဟန်းမြို့နယ်မှာလည်း မြန်မာပလာဇာအနီးရှိ လူကူးတံတား အတက်၊ အဆင်းနားအထိ ရေမြုပ်နေပြီး တက္ကသိုလ်ရိပ်သာဘက်ကို သွားတဲ့လမ်းရဲ့ အောက်ဘက်ကနေ ရေလျှံကာ အဲဒီ တံတားဘက်ကို ရေတွေ ရောက်လာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ ချော်တွင်းကုန်းမီးပွိုင့်၊ အင်းလျားလိတ်မီးပွိုင့် စတဲ့ နေရာတကြောလုံး ရေမြုပ်နေသလို သံသုမာလမ်း တောက်လျှောက်နဲ့ ဝေဇယန္တာလမ်း တောက်လျှောက်အပြင် နန္ဒဝန်ဈေးဘက် လမ်းကြောတွေမှာလည်း ရေကြီးနေပြီး လမ်းကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“တောင်ဥက္ကလာမှာတော့ ဒီနေ့ညနေ ၄ နာရီလောက်က စပြီး လမ်းပေါ်ရေလျှံနေတာ။ ရေတွေအပြည့်ပဲ။ နိမ့်တဲ့အိမ်တွေဆို တော်တော်လေးကို မြုပ်သွားပြီ။ ကားတွေဆိုလည်း ကားဘီး၊ ကားနောက်ဖုံးတွေအထိ ရေရောက်နေတယ်” လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ပြောပါတယ်။

ရေကြီးမှုကြောင့် ကားသေးတချို့ ဆက်သွားလို့မရဘဲ လမ်းပေါ်တင် ရပ်ထားရတာကို တွေ့ရပြီး မိုးကလည်း ဆက်လက် ရွာသွန်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ အောက်တိုဘာ ၉ ရက်နေ့၊ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း အပါအဝင် တခြားသော ပြည်နယ်နဲ့ တိုင်းတချို့မှာ မိုးရွားသွန်းမှုတွေ များပြားလျက်ရှိပြီး မနက်ဖြန် အောက်တိုဘာ ၁၀ ရက်၊ မနက်ပိုင်းအထိ နေရာအနှံအပြား မိုးထစ်ချုန်း ရွာသွန်းမှုတွေ ဆက်လက် ဖြစ်ပေါ်နိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ပေးပို့ /CJ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး