ညောင်ဦးမှာ အမျိုးသားနဲ့အမျိုးသမီးတယောက် ပစ်သတ်ခံရ
အောက်တိုဘာ ၉ ၊ ၂၀၂၅
GG (VOM)
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ လက်ပန်တဲရွာမှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို လက်နက်ကိုင်အဖွဲ့တခုက နေအိမ်ထဲထိဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဥ်က အောက်တိုဘာ ၈ ရက်နေ့ မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အသတ်ခံရသူတွေက လက်ပန်တဲရွာမှ အသက် ၃၃ နှစ်အရွယ် ဟိန်းကိုကိုဦးဆိုသူနဲ့ အသက် ၂၉ နှစ်အရွယ် မသိန်းဆွေဆိုသူတို့ဖြစ်ကြောင်းသိရပါတယ်။
" အိမ်ထဲအထိ ဝင်ပစ်သွားတာလို့သိရတယ်။နေရာမှာပဲ ဆုံးသွားကြတယ်။အမျိုးသားက လည်ပင်းနဲ့ နံကြားမှန်တယ်။အမျိုးသမီးက နားအောက်ဖောက်ဝင်ဒဏ်ရာနဲ့ဆုံးတယ်။ဘယ်အဖွဲ့ကလုပ်တယ်၊ ဘာကြောင့်သတ်တယ် ဆိုတာတော့ သေချာမသိတဲ့အတွက်မပြောနိုင်ပါဘူး။ " လို့ ဖြစ်စဥ်သိသူ ဒေသခံကပြောပါတယ်။
သေဆုံးသူနှစ်ယောက်က နေအိမ်မှာရှိနေချိန် လက်နက်ကိုင်ဆောင်ထားသူ ငါးယောက်ရောက်လာပြီး သေနတ်နဲ့ပစ်သတ်သွားတာဖြစ်ကြောင်း ၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားတယ်လို့သိရပါတယ်။
သြဂုတ် ၂၂ ရက်ကလည်း ညောင်ဦးမြို့နယ်၊စဥ့်ကူမြို့က ကျူရှင်ဆရာမဆိုသူ ဒေါ်အိအိခိုင်နဲ့ မှတ်ပုံတင်ပွဲစားဆိုသူ ဦးမောင်ဝင်းဆိုသူတို့လည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
ဇူလိုင် ၃၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဆည်ကျေးရွာမှာ မူလတန်းပြ ဆရာမတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ဇူလိုင် ၁၃ ရက်ကလည်း ညောင်ဦး ၊လက်ထုပ်ကျေးရွာမှာ အမျိုးသားတယောက် ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။
ဇွန် ၁၅ ရက် ကလည်း ညောင်ဦး ၊ညောင်ပင်ကန်ရွာက အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီးနဲ့ခင်ပွန်းဖြစ်သူတို့ ပစ်သတ်ခံခဲ့ရပြီး ဇွန် ၉ ရက်ကလည်း ညောင်ဦး၊ ဒဟတ်ကန်ကျေးရွာမှ ရာအိမ်မှူး နဲ့ ကြံ့ခိုင်ရေးပါတီဝင်နှစ်ယောက်တို့ ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။
Photo: CJ
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး