3 ပတ် - ဘာသာပြန်ပါ။

ယာဉ်တိုက်မိပြီး ပြင်းထန်ဒဏ်ရာရထားသည့် စက်မှုဇုန်လုံခြုံရေးဝန်ထမ်းတစ်ဦးကို ဆေးရုံမပို့ဘဲ လူကို လမ်း‌ဘေး မြက်တောထဲဆွဲချထားခဲ့၍ သေဆုံးရမှု လှိုင်သာယာမှာ ဖြစ်ပွား

အောက်တိုဘာ ၉

စက်မှုဇုန် လုံခြုံရေးဝန်ထမ်းတစ်ဦး ယာဉ်တိုက်မိပြီး ပြင်းထန်ဒဏ်ရာရနေတာကို ဆေးရုံမပို့ဘဲ လမ်းဘေးမြက်တောထဲ ဆွဲချခဲ့လို့ သေဆုံးရတဲ့ဖြစ်စဉ် ရန်ကုန်တိုင်း၊ လှိုင်သာယာ အနောက်ပိုင်းခရိုင်၊ မြို့နယ်တရားရုံးအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ ဒီနေ့ အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်းက ရုပ်အလောင်းသွားရောက် သယ်ဆောင်ခဲ့တဲ့ ခွန်အားသစ် လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က မနေ့ညက အချိန်ခန့်မှန်းခြေ ၁၀ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ပုံရပြီး အဆိုပါ ယာဉ်တိုက်ခံရတဲ့ အသက် ၃၂ နှစ်အရွယ် လုံခြုံရေးဝန်ထမ်းအမျိုးသားကို ယာဉ်တိုက်မှုဖြစ်စဉ်‌နေရာကနေ နေရာရွှေ့ပြောင်းထားပုံရတာကို တွေ့ရှိရတယ်လို့ ရဲတပ်ဖွဲနဲ့နီးစပ်သူက ဆိုပါတယ်။ ယာဉ်တိုက်ခံရတဲ့ အမျိုးသားနဲ့ မလှမ်းမကမ်းမှာ ပျက်စီးနေတဲ့ စက်ဘီးတစ်စီးလည်း တွေ့ရှိရပြီး အမျိုးသားမှာတော့ ခြေထောက်ကျိုး၊ လက်နှစ်ဖက်ကျိုးကာ ဦးခေါင်းထိခိုက်ဒဏ်ရာလည်းရရှိထားကြောင်း ရုပ်အလောင်းသယ်ယူခဲ့တဲ့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။

ခွန်အားသစ် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “သက်ဆိုင်ရာက ကျွန်တော်တို့ကို ရုပ်အလောင်းကောက်ပေးဖို့ ညွှန်ကြားလာတာ။ ညကတည်းက ဖြစ်တာကို မနက် ၇ နာရီလောက်ကမှ အလောင်းတွေ့ကြတာပေါ့။ လမ်းဘေး မြက်တောထဲ ဆွဲချထားတာ။ ဖြစ်ဖြစ်ချင်းသာ ဆေးရုံတင်ပို့နိုင်ရင် အသက်သေချင်မှလည်း သေမှာပေါ့။ သေသူက ပန်းလှိုင်မြစ်ကမ်း‌တစ်ကြောက ပဒံကျေးရွာအပိုင် ကမ်းဖြူရွာကလို့ သိရပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ယာဉ်တိုက်ပြေးခံရတဲ့ ရုပ်အလောင်းကို တာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအပြီး လှိုင်သာယာပြည်သူ့ဆေးရုံရင်ခွဲရုံဆီ ခွန်အားသစ် လူမှုကူညီရေးအသင်းက ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ မနက်ပိုင်းကလည်း လက်နှစ်ဖက်ပြတ်တဲ့ဒဏ်ရာနဲ့ ကားကြိတ်ခံရတဲ့ လူတစ်ဦးကို လှိုင်သာယာ အနောက်ပိုင်းတက္ကသိုလ်သွားတဲ့လမ်းပေါရှိ သ‌ပြေခြံလမ်းထဲမှာ တွေ့ရှိရပြီး ဆေးရုံတင်ပို့ဖို့ ကြိုးစားစဉ် သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

Credit - MT News Agency

#centralnewsnaypyitaw

image