3 ပတ် - ဘာသာပြန်ပါ။

ရန်ကုန် Beauty Land ဟိုတယ်လူသတ်မှု ရဲထုတ်ပြန်ချက် သံသယများစွာ ရှိနေ
ဧရာဝတီ၊ အောက်တိုဘာ ၉၊ ၂၀၂၅
အမျိုးသမီးတဦးအား ခန္ဓာကိုယ်အစိတ်ပိုင်းများကို အပိုင်းပိုင်းဖြတ်တောက်၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော ရန်ကုန်မြို့လယ်ခေါင် Beauty Land ဟိုတယ် လူသတ်မှု ကျူးလွန်သူသည် ဂိမ်းစွဲနေသည့် ၁၈ နှစ်အရွယ် လူငယ်ဖြစ်ပြီး စိတ္တဇဆန်ဆန်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အပေါ် သံသယများစွာရှိနေကြောင်း ပြည်သူများနှင့် ရဲအရာရှိဟောင်းတချို့ ဝေဖန်ကြသည်။
အောက်တိုဘာ ၆ ရက်တွင် ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel အခန်းအမှတ် (၅၀၂) ပြတင်း ပေါက် အပြင်ဘက် Air Con Outdoor နှစ်ခုကြား အမှိုက်အိတ်အတွင်း အလောင်းတွေ့ကြောင်းသတင်းအရ ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ အမှိုက်အိတ်အတွင်း၌ ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများ လှီးဖြတ်ထုတ်ယူထားခြင်းခံထားရသည့် အမျိုးသမီးတဦးအလောင်း တွေ့ရှိရသဖြင့် ပန်းပဲတန်းမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း ဆိုထားသည်။
ထို့နောက် စုံစမ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူမှာ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်နေ မစုမြတ်ဝင်း (၂၃ နှစ်) ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများမှာ သာကေတမြို့နယ်နေ အောင်ခန့်ကျော်ဇင် (၁၈ နှစ်) နှင့် ၎င်း၏ ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်နေ အေမွန်အောင် (၁၈ နှစ်) တို့ဖြစ်ကြောင်း၊ အောက်တိုဘာ ၇ ရက်တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အောင် ခန့်ကျော်ဇင်၏ နေအိမ်မှ ပြစ်မှုကျူးလွန်စဉ် ၎င်းဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ၊ စတီးဓား၂ ချောင်း၊ သေဆုံးသူ ကိုင်ဆောင်သော လက်ကိုင်ဖုန်းတလုံး အပါအဝင် လက်ကိုင်ဖုန်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့သည်ဟု ဆိုသည်။
ပြစ်မှုကျူးလွန်သူ အောင်ခန့်ကျော်ဇင်၏ ထွက်ဆိုချက်အရ ၎င်းသည် ဂိမ်းအလွန်အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများ အလွန်အကျွံ ကြည့်ရှုလေ့ရှိကြောင်း၊ အောက်တိုဘာ ၅ ရက်တွင် LEADER အမည်ရှိ တယ်လီဂရမ်ချန်နယ်မှတဆင့် မစုမြတ်ဝင်းအား ပျော်ပါးရန် အခကြေးငွေဖြင့် ခေါ်ယူခဲ့ကာ 32nd Beauty Land Hotel အခန်းအမှတ် ၅၀၂ ၌ ပျော်ပါးနေစဉ် မစုမြတ်ဝင်းအား အသင့်ဆောင်ထားသော စတီးဓား ၂ ချောင်းဖြင့် ရက်စက်စွာ သတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများ လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်ခဲ့ကြောင်း၊ ထို့နောက် ၎င်း၏ ရည်းစားဖြစ်သူ အေမွန်အောင်အား အဆိုပါ ဟိုတယ်သို့ ခေါ်ဆောင်ကာ အခန်းအတွင်းရှိ သွေးများ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏အလောင်း ဖျောက်ဖျက်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ထိုဖြစ်စဉ်တွင် စစ်ကော်မရှင် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အသတ်ခံရသူ အမျိုးသမီးအား ပြည့်တန်ဆာအဖြစ် ဖော်ပြထားသလို ကျူးလွန်သူအမျိုးသားကိုလည်း စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းနေသူအဖြစ် ဖော်ပြထားခြင်းသည် ပြစ်မှုကို ကွင်းလုံးကျွတ်ဖြစ်စေရန် ပုံဖော် ထုတ်ပြန်ထားခြင်းဖြစ်နိုင်ကြောင်း နှစ် ၃၀ ခန့် ရဲလုပ်သက်ရှိခဲ့သည့် ရဲအရာရှိဟောင်းက ပြောသည်။
၎င်းက “အမှု စစွဲထားကတည်းက ပုဒ်က ၃၀၂ တခုပဲ ထည့်ထားတယ်။ အမှန်က ဖြစ်တဲ့ အမှုသေးတွေကနေစပြီး ထည့်ရမှာ။ ဟိုတယ်ကို ခေါ်လာတဲ့ သွေးဆောင်ဖြားယောင်းမှု၊ မုဒိမ်းကျင့်မှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု အဓိက ဒါတွေ အားလုံးပါရမယ်။ အခုက သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တာကို သူတို့လိုချင်တဲ့ ပုံစံ အမှုတည်ဆောက်ထားပြီး ပြစ်ဒဏ် လုံးဝမကျအောင် တည်ဆောက်ထားသလိုမျိုးဖြစ်နေတယ်” ဟု ပြောသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ သုတေသနပြုနေသူတဦးကလည်း ပြစ်မှုကျူးလွန်သူသည် အမှန်တကယ် စိတ်ပိုင်းဆိုင်ရာ အားနည်းနေသူဖြစ်ပါက သတ်ဖြတ်မှုအပြီး အလောင်းဖျောက်ဖျက်မှုများကို စနစ်တကျ လုပ်ဆောင်သွားခြင်း မရှိနိုင်ကြောင်း ပြောသည်။
ဓာတ်ပုံ- CINCDS

image
image
image