3 w - Translate

ဟောလိဝုဒ်ရဲ့ လူငယ်တန်းသရုပ်ဆောင်တွေထဲမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ မင်းသား Timothée Chalamet ဟာ ဒီဇင်ဘာလမှာ ရုံတင်ပြသမယ့် သူ့ရဲ့ရုပ်ရှင်သစ်ဖြစ်တဲ့ Marty Supreme ရုပ်ရှင်အတွက် ပင်ပေါင် (စားပွဲတင်တင်းနစ်) ကစားနည်းကို အမှန်တကယ် သင်ယူခဲ့တယ်လို့ သိရပါတယ်။
Marty Supreme ရုပ်ရှင်ရဲ့ ဒါရိုက်တာ Josh Safdie နဲ့ Timothée Chalamet တို့ဟာ ၂၀၁၈ ခုနှစ်ကတည်းက ဒီရုပ်ရှင်ပရောဂျက်အတွက် စကားစတင်ပြောခဲ့တာဖြစ်ပြီး Timothée Chalamet ဟာ အဲ့ဒီအချိန်ကတည်းက ရုပ်ရှင်အသက်မဝင်သေးသည့်တိုင် ပင်ပေါင်ကစားနည်းကို တိတ်တဆိတ် စတင်သင်ယူနေခဲ့တာပါ။ ကိုဗစ်ကာလတုန်းကဆိုရင် အိမ်ဧည့်ခန်းထဲက ပရိဘောဂအားလုံးကို နေရာရွှေ့ပြီး တစ်ခန်းလုံးကို ပင်ပေါင်ရိုက်ခန်းအဖြစ် ပြောင်းလဲခဲ့ပါသေးတယ်။ ကိုဗစ် lockdown ကာလအပြီး ရုပ်ရှင်ရိုက်ကူးရေးတွေ ပြန်လည်စတင်ကြချိန်မှာလည်း Timothée Chalamet ဟာ ရိုက်ကွင်းရှိရာမြို့က သူတည်းတဲ့နေရာတိုင်းမှာ ပင်ပေါင်စားပွဲဆင်ထားလေ့ရှိပြီး ဆက်လေ့ကျင့်နေခဲ့ပါတယ်။ Wonka ရုပ်ရှင်ရိုက်နေတုန်းက လန်ဒန်မြို့မှာ စားပွဲတစ်လုံး၊ The French Dispatch ရိုက်နေတုန်းက ကန်းမြို့မှာတစ်လုံး၊ Dune: Part Two ရိုက်နေတုန်းက ဘူဒါပတ်စ်မြို့မှာတစ်လုံးထားပြီး ပင်ပေါင်ကို စနစ်တကျလေ့ကျင့်ခဲ့တာပါ။
ဒါကြောင့် Marty Supreme ရုပ်ရှင်ထဲမှာ ပါဝင်တဲ့ ပင်ပေါင်ရိုက်ခန်းတွေဟာ လူစားထိုးထားတာမဟုတ်ဘဲ Timothée Chalamet ကိုယ်တိုင် ရိုက်နေတာတွေဖြစ်မယ်လို့ သိရပါတယ်။ Timothée Chalamet ဟာ ဒီနှစ်တွေအတွင်း ပင်ပေါင်ရိုက်တာတစ်ခုတည်း သင်နေခဲ့တာမဟုတ်ဘဲ ဒီရုပ်ရှင်မတိုင်ခင်မှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် အော်စကာဆုဆန်ခါတင်စာရင်းဝင်စေခဲ့တဲ့ A Complete Unknown ရုပ်ရှင်မှာ ဂန္တဝင်အဆိုတော် Bob Dylan အဖြစ် သရုပ်ဆောင်ရုံတင်မက သူ့လိုသီချင်းဆိုနိုင်ဖို့အတွက်ပါ လေ့ကျင့်ခဲ့ရပြီး တစ်ဖက်မှာ သီချင်းအဆိုကျင့်ရင်း နောက်တစ်ဖက်မှာ ပင်ပေါင်အရိုက်သင်နေခဲ့တာဖြစ်ပါတယ်။
Marty Supreme ရုပ်ရှင်ဟာ ပင်ပေါင်/စားပွဲတင်တင်းနစ်ကစားသမား Marty Reisman ရဲ့ဘဝကိုမှီငြမ်းပြီး စိတ်ကူးယဥ်ဇာတ်လမ်းအဖြစ် ပြန်လည်ဖန်တီးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ A24 စတူဒီယိုအတွက် The Rock ပါဝင်ထားတဲ့ The Smashing Machine နည်းတူ ကုန်ကျစရိတ်အများဆုံးရုပ်ရှင်ကားတစ်ကားဖြစ်ပြီး လာမယ့် ခရစ္စမတ်ကာလမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ အကြိုပြသမှုတွေအရ ဒီရုပ်ရှင်မှာ Timothée Chalamet ရဲ့ အနုပညာသက်တမ်းတလျှောက် အကောင်းဆုံးသရုပ်ဆောင်စွမ်းရည်ကို မြင်တွေ့ရတယ်လို့ မှတ်ချက်ပြုထားကြပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော်လူငယ်မင်းသားအနေနဲ့ ဒီတစ်ကြိမ်မှာလည်း အော်စကာဆုပေးပွဲကို တက်လှမ်းနိုင်မလားဆိုတာ မကြာခင်မှာ ကြည့်ရှုခံစားရတော့မှာပါ။

Credit to owner

image