ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစောတို့ကို ဂါရဝပြုတွေ့ဆုံရန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသို့ တစ်နေ့တာခရီးစဥ်လာရောက်နေ
အောက်တိုဘာ ၉
မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် စရီ မိုဟာမက် ဟာဆန်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ဂါရဝပြု တွေ့ဆုံဖိုနဲ့ သူ့နည်းတူ ရာထူးတူ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ဆွေးနွေးမှု ပြုလုပ်ဖို့ ဒီနေ့မှာ မြန်မာနိုင်ငံကို ထွက်ခွာလာခဲ့တယ်လို့ မလေးရှားသတင်းဌာနတွေက ဖော်ပြပါတယ်။
”ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစောနဲ့ ကျွန်တော်နဲ့ ရာထူးတူ ဝန်ကြီး ဦးသန်းဆွေတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာနိုင်ငံကို ထွက်ခွာ” လို့ ဟာဆန်က ဒီမနက်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ပဋိပက္ခများစွာကြောင့် ပြင်းထန်စွာထိခိုက်ခံစားနေရတဲ့ နိုင်ငံကို အလုပ်ခရီးစဥ် သွားရောက်ရခြင်း ရည်ရွယ်ချက်ကတော့ မကြာသေးမီက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့ကြတာကြောင့် “ငြိမ်းချမ်းရေး အစီအစဉ် ကြိုးပမ်းမှုတွေကို ထိခိုက်စေပြီး အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ခြင်း”ကြောင့်ဖြစ်တယ်လို့လည်း သူက ဖော်ပြခဲ့ပါတယ်။
သူ့ရဲ့ ပို့စ်နဲ့အတူ “မလေးရှား တော်ဝင်လေတပ်စခန်းမှာ။ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်သို့ ထွက်ခွာ” ဆိုတဲ့ စာတန်းပါ ဓာတ်ပုံတစ်ပုံလည်း တွဲပါလာပါတယ်။
ဟာဆန်ရဲ့ ခရီးစဥ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်မှာ သွားရောက်ဖို့ မူလစီစဉ်ထားတဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို ရှောင်လွှဲမရတဲ့ အခြေအနေတွေကြောင့် ရွှေ့ဆိုင်းခဲ့ရမှုအတွက် ဒီနေ့မှာ ပြန်လည်သွားရောက်တာဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာတက ဒီနေ့ပဲ အတည်ပြုခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ မိုဟာမက်ဟာ မြန်မာနိုင်ငံ၊ နေပြည်တော်ကို တစ်ရက်တာ အလုပ်လုပ်ငန်းခရီးအဖြစ် သွားရောက်နေကြောင်း အတည်ပြုခဲ့သလို ဝန်ကြီးဌာနရဲ့ အဆိုအရ ဒီခရီးစဉ်ဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လက ကျင်းပခဲ့တဲ့ ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ရလဒ်နဲ့အညီ ဖြစ်ကြောင်းနဲ့ မိုဟာမက်နဲ့အတူ အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တန်စရီ အော့စ်မန် ဟာရှင်မ် လိုက်ပါသွားပါတယ်လို့ ပြောခဲ့ပါတယ်။
ဒီအလုပ်လုပ်ငန်းခရီးစဉ်အတွင်းမှာ ဟာဆန်ဟာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (SSPC) ဥက္ကဋ္ဌ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစောတို့ကို ဂါရဝပြုတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ဟာဆန်ဟာ SSPC ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့လည်း တွေ့ဆုံပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။
မြန်မာ့ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုတွေအတွင်းမှာ ဟာဆန်ဟာ အခြားကိစ္စများစွာအပြင် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အပြည့်အဝနဲ့ အဓိပ္ပာယ်ရှိစွာ အကောင်အထည်ဖော်ဖို့၊ အထူးသဖြင့် အကြမ်းဖက်မှု ရပ်စဲရေး၊ အကန့်အသတ်မရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနဲ့ မြန်မာ့အရေး ပတ်သက်သူအားလုံး ပါဝင်တဲ့ ဘက်စုံဆွေးနွေးပွဲ ပြုလုပ်ရေးတို့ကို တောင်းဆိုသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကိစ္စကိုလည်း ဒီအစည်းအဝေးတွေအတွင်း ဆွေးနွေးဖို့ မျှော်မှန်းထားကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံဖို့အတွက် အာဆီယံ ဥက္ကဋ္ဌအနေနဲ့ SSPC နဲ့ ဆက်ဆံရေးကို ဆောင်ရွက်နေတာဖြစ်ကြောင်း ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံဟာ အာဆီယံရဲ့ အပြည့်အဝ ထောက်ခံမှုနဲ့အတူ မြန်မာနိုင်ငံကိုယ်တိုင် ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံ ဦးဆောင်တဲ့ အကျပ်အတည်း ဖြေရှင်းရေးကို မြှင့်တင်ဖို့ ဆက်လက်အာရုံစိုက်နေပါတယ်။
ဒီအလုပ်ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်ရရှိဖို့ အာဆီယံရဲ့ ခိုင်မာသော ကတိကဝတ်ကိုလည်း ပြသနေပါတယ်။ ၂၀၂၅ ခုနှစ် အာဆီယံ ဥက္ကဋ္ဌအနေနဲ့ မလေးရှားနိုင်ငံဟာ ဘက်စုံပါဝင်ပြီး ရေရှည်တည်တံ့တဲ့ နည်းလမ်းတွေနဲ့ အမျိုးသားငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ရရှိစေဖို့အတွက် မြန်မာ့အရေး ပတ်သက်သူအားလုံးနဲ့ ဆက်လက်ထိတွေ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Ref, BERNAMA
Credit - Myanmar Transprency News Agency
#centralnewsnaypyitaw



