ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) ၂၀၇ ကီလို ဖမ်းဆီးရမိ

အောက်တိုဘာ ၈

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) ၂၀၇ ကီလို ဖမ်းဆီးရမိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာရှိ စိုင်းရှဲန်တွီ၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ စိုင်းရှဲန်တွီ၊ ဖိလစ်(ခ)အကိန်၊ အိုက်မောင်၊ စိုင်းဝန်း၊ အိုက်အွန်ကျောက်၊ စိုင်းရှဲန်ဖနှင့် စိုင်းလောင်နွဲ့တို့ ခုနှစ်ဦးနှင့်အတူ အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅၆ ဘီလျံ)၊ TOYOTA FORTUNER ယာဉ် တစ်စီး၊ HONDA CIVIC ယာဉ် တစ်စီး၊ TOYOTA CROWN ယာဉ် ၁ စီး၊ ISUZU D-MAX ယာဉ် တစ်စီးတို့အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းမိတရားခံများကို ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ယင်းနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဖမ်းဆီးရမိပြီး အိုက်စ်(မက်သ်အဖက်တမင်း)များ၏ ပိုင်ရှင်ဖြစ်သူ စိုင်းမွန်း နေထိုင်သည့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာရှိ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ စိုင်းမွန်းမှာ တိမ်းရှောင်လျက်ရှိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image