🌹အဆိပ်သင့်လူတွေနဲ့ ဝေးဝေးမှာနေပါ…။🌹 
သမီးလေးရေ… 
လူတစ်ချို့ဟာ..ကိုယ့်ဘဝရဲ့အကြည်ဓါတ်ကလေးကို သူ့ရဲ့အဆိပ်တွေနဲ့ လာမွှေနှောက်တတ်ပါတယ်..။ အဲ့ဒီလူဟာ…ကိုယ်နဲ့အနီးကပ်ဆုံး..သူငယ်ချင်းလည်းဖြစ်ချင်ဖြစ်မယ်…ချစ်သူလည်း ဖြစ်ချင်ဖြစ်မယ်..အရင်းချာဆုံးမောင်နှမတွေထဲကလည်း ဖြစ်ချစ်ဖြစ်မယ်..တစ်ချို့ဆို ကိုယ့်မိဘထဲမှာတောင် ကိုယ့်ကိုအဆိပ်သင့်စေတဲ့ အချစ်မျိုးနဲ့ ပိုင်စိုးချယ်လှယ်အုပ်ထိန်းတတ်တဲ့သူတွေ ရှိနေတတ်ပါတယ်…။  
အဆိပ်သင့်နေတဲ့သူတွေဟာ..သူတို့ကိုယ်သူတို့ အဆိပ်သင့်စေမှန်း လုံးဝလက်မခံတတ်ပါဘူး..။ ငါကချစ်လို့..စေတနာထားလို့…ကောင်းစေချင်လို့ စသဖြင့် အကြောင်းပြချက်လှလှလေးတွေပေးပြီး ကိုယ့်ဘဝကို သူတို့လက်ထဲမှာ သက်ဆင်းနေရအောင် ထောင်ချောက်ဆင်တတ်သူတွေပါပဲ…။ တစ်ချို့အဆိပ်တွေက ချိုချိုလေးတွေ..ကြည့်လိုက်ရင်မထင်ရပါဘူး…။ ကိုယ့်ဘဝတစ်ခုလုံး..သူ့လက်ထဲမှာ မွန်းကြပ်လှောင်ပိတ်နေအောင် ခပ်တင်းတင်းပွေ့ဖက်ထားပြီး လူကိုအသက်ရှုခက်စေပါလိမ့်မယ်….။ 
အဆိပ်သင့်နေတဲ့အပြုအမူတွေကို ကိုယ်ကရိပ်မိနားလည်ထားရင်..ဒီလိုလူမျိုးနဲ့ဆုံရတဲ့အခါ..ဘယ်လောက်ပဲ ချစ်ခင်စွဲလန်းနေပါစေ…အဝေးဆုံးဆီမှာသာ နေလိုက်ပါ..။ ဒီလူတွေက ကိုယ့်ကိုသူဘယ်လောက်ချစ်ခင်စွဲလန်းကြောင်းတွေ ပြလိမ့်မယ်…မျက်စိအောက်ကနေ အပျောက်မခံနိုင်အောင် ကိုယ့်ကိုတမ်းတမ်းစွဲရူးသွပ်ပြလိမ့်မယ်…။ ကိုယ်မရှိရင် သူ့ဘဝဘယ်လိုမှ မရပ်တည်နိုင်သလို drama တွေခင်းလိမ့်မယ်..။ အဲ့ဒါတွေဟာ..ချိုမြိန်သောအဆိပ်တွေပါပဲ…။ လူတစ်ယောက်က ကိုယ့်ဘဝကို ကကြီးကနေ အအထိ နေရာတကာလွှမ်းမိုးချုပ်ကိုင်ဖို့ကြိုးစားနေပြီဆိုရင်…အဲ့ဒီအပြုအမူဟာ ကိုယ့်ကိုသိပ်ချစ်လွန်းလို့ မဟုတ်ပါဘူး..။ ကိုယ့်ဘဝကို သူ့စိတ်ကြိုက် ချယ်လှယ်ကြိုးကိုင်ဖို့ ထိန်းချုပ်နေတာပဲဖြစ်ပါတယ်..။ ဒါဟာ အဆိပ်သင့်တဲ့အပြုအမူပဲဖြစ်ပါတယ်…။ 
အဆိပ်သင့်နေတဲ့အပြုအမူတစ်ခုထဲမှာ ကိုယ့်ရဲ့အောင်မြင်မှု..ပျော်ရွှင်မှုကို သူ့ဘက်က မျှဝေခံစားမပေးတတ်တာ..တန်ဖိုးထားမပေးတတ်တာပါပဲ…။ ကိုယ့်ရဲ့အောင်မြင်မှုဟာ သူ့အတွက် ဘာမှ သိပ်အရေးမကြီးတဲ့..သာမန်သမားရိုးကျဖြစ်စဉ်တစ်ခုလို သဘောထားပြီး ကိုယ့်ရဲ့တန်ဖိုးတွေကို ဆွဲနှိမ့်ချသွားပါလိမ့်မယ်..။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေဟာ..သူ့အတွက် အထင်ကြီးလေးစားစရာ မကောင်းပါဘူး..။ ကိုယ်ဘယ်လောက်ပဲ အောင်မြင်နေပါစေ..သူ့အတွက် ဘာမှ မထူးခြားပါဘူး..။ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ..သူနဲ့ဘယ်လိုမှ မပတ်သက်မစပ်ဆိုင်သလို အေးတိအေးစက် အမူအရာမျိုးနဲ့ ကိုယ့်ရဲ့ပျော်ရွှင်ခြင်းကို အပြစ်တစ်ခုလို ခံစားရစေပါလိမ့်မယ်…။  
သူဟာ..ကိုယ့်ရဲ့ခံစားမှုတွေကို အမြဲခက်ခဲစေအောင် သက်သောင့်သက်သာ မရှိစေအောင် အကျပ်ကိုင်ပြပါလိမ့်မယ်…။ ဥပမာ..ကိုယ့်ရဲ့မိသားစုဝင်တွေနဲ့ သူ့ကို နှိုင်းယှဉ်ပြီး တစ်ယောက်ကိုသာရွေးချယ်စေတာမျိုး..ကိုယ့်ရဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့သူ့ကို ယှဉ်ပြီး ရွေးချယ်ခိုင်းတာမျိုး..ကိုယ့်အလုပ်..ကိုယ့်ဝါသနာစတဲ့ကိုယ်တန်ဖိုးထားတဲ့အရာတွေနဲ့ သူ..ဘယ်သူ့ကို ဦးစားပေးရွေးချယ်မလဲဆိုတဲ့ အနေရခက်ခဲစေတဲ့ အခြေအနေမျိုးကို သူဖန်တီးတတ်ပါတယ်..။ ဒါဟာ အဆိပ်သင့်အပြုအမူတွေပါပဲ…။ 
နောက်ထပ်အဆိပ်သင့်အပြုအမူတစ်ခုကတော့…ကိုယ့်အပေါ်မှာ သူ့အကြွေးတစ်ခုအမြဲတင်နေသလို ကိုယ့်ကိုခံစားစေတာမျိုးပါပဲ…။ သူဟာ ကိုယ့်ဘဝအတွက် ကျေးဇူးတွေရှိတဲ့ ကယ်တင်ရှင်တစ်ယောက်..ကျေးဇူးရှင်တစ်ယောက်..သူ့ကျေးဇူးတွေကို အမြဲသိနားလည်ပေးနေရမယ်..သူ့ကိုအမြဲရှေ့တန်းတင်ဦးစားပေးနေရမယ်..။ သူမှားတဲ့အခါ..သူကတောင်းပန်စရာမလိုဘဲ..ကိုယ်မှားမိရင်တော့ မဆုံးနိုင်အောင် တောင်းပန်စေလိမ့်မယ်..။  
ကိစ္စသေးသေးလေးတွေကို အမြဲချဲ့ထွင်ပုံကြီးချဲ့ပြီး…အမြဲပြဿနာရှာတတ်တာဟာ…ဘယ်လိုလုပ်ပြီး အချစ်ဖြစ်မှာပါလဲ..။ သူ့အနားမှာနေရတိုင်း ကိုယ်ဟာ အသက်ဝဝလင်လင် မရှုဝံ့သလို..ကြက်ဥအခွံလို ကြွပ်ဆတ်ပါးလျတဲ့ အခွံတစ်ခုအပေါ်မှာ လျှောက်လှမ်းနေရသလို ဘယ်အချိန်ကွဲကြေသွားမလဲဆိုတာကို အမြဲရင်တမမ စိုးရိမ်ပူပန်နေရမယ်ဆိုရင်..ဒါဟာ အဆိပ်သင့်လွန်းနေတဲ့ ဆက်ဆံရေးပါပဲ…။  
နောက်တစ်ခုက သူ့စိတ်ဆန္ဒအလိုမပြည့်တဲ့အခါတိုင်း ကိုယ့်ကို စကားမပြောအခေါ်အပြောမလုပ်ဘဲ..silent treatment  လုပ်နေတတ်တာဟာလည်း…အဆိပ်သင့်အပြုအမူပါပဲ…။ အမှားတိုင်းအတွက် ကိုယ့်မှာသာ တာဝန်ရှိနေသလို ခံစားရစေပြီး ကိုယ်ကချည်းတောင်းပန်နေရတဲ့အပေါ် တဖြည်းဖြည်းမွန်းကြပ်စိတ်ပျက်လာပြီး..သူ့အနားရောက်တိုင်း ကိုယ်ဘာများ အမှားလုပ်မိမလဲလို့ စိုးရိမ်ကြောက်လန့်နေရခြင်းဟာ..ပျော်ရွှင်စရာမကောင်းတဲ့ ဆက်ဆံရေးပဲဖြစ်ပါတယ်…။  
ကိုယ့်ရဲ့စကားလုံးတွေကို အမြဲအထအနကောက်တတ်တာ..စကားလုံးဝအမှားမခံတာ..အဆိုးမြင်တဲ့စိတ်တွေများတာ..သူ့ကိုယ်သူ victim နေရာမှာအမြဲနေတတ်တာ..အမြဲအပြစ်တင်နေတတ်တာ…ကိုယ့်ရဲ့လုပ်ရပ်တွေ..အပြုအမူ..အပြောအဆိုတိုင်းကို အမြဲဝေဖန်ပြောဆိုနေတတ်တာ…ထစ်ခနဲရှိစိတ်တိုဒေါသကြီးတတ်တာဟာလည်း အဆိပ်သင့်အပြုအမူတွေပါပဲ…။ ကိုယ့်အပေါ် ဒီလိုဆက်ဆံတတ်တဲ့သူမျိုး ရှိလာခဲ့ရင် သူ့အပေါ်ဘယ်လောက်ပဲ ချစ်ခင်မက်မောနေမိပါစေ..စောစောစီးစီးကတည်းက ဝေးဝေးကရှောင်လိုက်ပါ..။ မိသားစုထဲမှာရှိခဲ့ရင်တောင် စည်းတစ်ခုထားပြီး စည်းအကျော်မခံဘဲ ဝေးဝေးမှာနေပါ..။ 
အဆိပ်သင့်နေတဲ့သူဟာ..ကိုယ့်ရဲ့ကြည်လင်ငြိမ်းချမ်းနေတဲ့စိတ်ကလေးကို နောက်ကျုလှုပ်ခတ်စေတဲ့ ခဲလုံးကြီးတစ်လုံးလိုပါပဲ…။ ကိုယ့်ရဲ့စိတ်စွမ်းအင်ပါဝါတွေကို စုပ်ယူသွားတတ်တဲ့ ဝဲဂယက်တစ်ခုလိုပါပဲ…။ ပြီးတော့ မြင့်မြင့်မားမား လွတ်လွတ်လပ်လပ်ပျံသန်းခွင့်မရအောင် အတောင်တွေချိုးထားတဲ့ဆက်ဆံရေးပါပဲ…။ သူနဲ့အတူနေသ၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေနည်းလာပြီး ကိုယ့်ရဲ့ကမ္ဘာလေးဟာ..တဖြည်းဖြည်း သေးငယ်ကျုံ့ဝင်လာပါလိမ့်မယ်..။ အဆိပ်သင့်နေတဲ့လူတွေနဲ့ ဝေးဝေးမှာ နေလိုက်ခြင်းဖြင့် ကိုယ့်ဘဝဟာ သိသိသာသာပဲ ပေါ့ပါးလွတ်မြောက်လာပါလိမ့်မယ်..စိတ်ရဲ့အကြည်ဓါတ်ကလေးတွေ မပြယ်လွင့်စေဘဲ..ကိုယ့်တန်ဖိုးကိုကိုယ်သိပြီး စိတ်စွမ်းအင်အပြည့်နဲ့ လွတ်လွတ်လပ်လပ် အမြင့်ဆုံးဆီပျံသန်းနိုင်ပါလိမ့်မယ်…။ 
#လွန်းထားထား 
credit to owner
 
         
 
		  
		 
		 
		 
                