ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ် အပေါ့စွန့်ခဲ့သည့် ဝက်နီဆိုသူကို ဖမ်းဆီးရမိ 
 
အောက်တိုဘာ ၄ 
 
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်တွင် အပေါ့စွန့်ခဲ့သူ အမျိုးသားတစ်ဦးအား စစ်ဆေးဖော်ထုတ်ပြီးနောက် ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။ 
 
ဖြစ်စဉ်မှာ အောက်တိုဘာ ၁ ရက်က ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ အင်္ဂါထောင့်မြေစိုက် စေတီအမှတ်-၄၈ နှင့် အုတ်ဂူစေတီအမှတ်-၁၁၈ ကြား၌ အမျိုးသားတစ်ဦး အပေါ့သွားနေသည့် ဗီဒီယိုအား လူမှုကွန်ရက်၌ ပျံ့နှံ့လာမှုနှင့်ပတ်သက်၍ ဒဂုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သတင်းအတည်ပြုခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ တင်မျိုးဝင်း(ခ) ဝက်နီ(၂၉)နှစ်သည် စက်တင်ဘာ ၂၁ ရက်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ပြီး ဘုရားပေါ်မှ ပြန်ဆင်းစဉ် အင်္ဂါထောင့်မြေစိုက်စေတီအမှတ်-၄၈နှင့် အုတ်ဂူစေတီ အမှတ်-၁၁၈ ကြား၌ အပေါ့သွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ် သိရှိရသည်။ 
 
ထိုသို့ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်တွင် အပေါ့စွန့်ခဲ့သူ တင်မျိုးဝင်း(ခ)ဝက်နီ အား ဒဂုံမြို့မရဲစခန်း၌ ရဲရေးမပိုင်သောပြစ်မှုများ မှတ်ပုံတင် အမှတ်စဉ် (၄/၂၀၂၅)၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် သတင်းချက်ရေးဖွင့်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 
 
Credit - Myanmar Transprency News Agency 
 
#centralnewsnaypyitaw
 
         
 
		  
		 
		 
		 
                