4 ပတ် - ဘာသာပြန်ပါ။

အောင်လအန်ဆန်ရဲ့ နောက်ဆုံးပွဲမှာ ဆွီဒင်ဖိုက်တာ ကာဒက်စ်တမ်ကို ဒိုင်ပွဲရပ်နဲ့ အလဲထိုးအနိုင်ရ

အောက်တိုဘာ ၄

ဒီမနက် ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ONE Fight Night 36 ပြိုင်ပွဲမှာ မြန်မာ့စပါးကြီးမြွေ Aung La N Sang ရဲ့ နောက်ဆုံးပွဲစဥ်အဖြစ် ဆွီဒင်ဖိုက်တာ Zebaztian Kadestam နဲ့ မစ်ဒယ်ဝိတ်တန်းမှာ ထိုးသတ်ကြရာမှာ မြန်မာ့အလံခြုံပြီး အမဲလိုက်အကနဲ့ ပွဲထွက်လာတဲ့အောင်လက ဆွီဒင်ဖိုက်တာ ကာဒက်စ်တမ်ကို ဒိုင်ပွဲရပ်နဲ့ အလဲထိုးအနိုင်ရခဲ့သလို အောင်လအန်ဆန်ကို အနိုင် ဆုကြေး ဒေါ်လာ ၅၀၀၀၀ ချီးမြှင့်မှုအပြင် One Championship ရဲ့ Hall of Fame အဖြစ် ဂုဏ်ပြုလိုက်ပါတယ်။

ဒီပွဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာအဖြစ်လည်း One Championship နဲ့ မြန်မာ့ဂန္တဝင် အောင်လရဲ့ နောက်ဆုံးပွဲကို လေးဖြူကိုယ်တိုင် အမဲလိုက်အကနဲ့ ပွဲထွက်ဖျော်ဖြေခဲ့လို့ မြန်မာပရိသတ်တွေအဖို့ လက်ဝှေ့ဂန္တဝင်နဲ့ ရော့ခ်ဂီတဂန္တဝင်နှစ်ဦးကို တွဲလျက် မြင်ခဲ့ရပါသေးတယ်။

ဒီပွဲမှာဆို One Championship ရဲ့ သက်ရှိဂန္တဝင်တစ်ဖြစ်လည်း မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံဟောင်း မြန်မာ့စပါးကြီးမြွေဟာ ဒီပွဲအပြီးမှာ နည်းပြအဖြစ် ကူးပြောင်းတော့မှာဖြစ်သလို သူနဲ့ထိုးသတ်ရတဲ့ ကာဒက်စ်တမ်ကလည်း ဝယ်လ်တာဝိတ်ချန်ပီယံဟောင်းဖြစ်လို့ သူတို့နှစ်ဦးထိုးသတ်ပွဲက ကြည့်ကောင်းခဲ့သလို အောင်လကလည်း နောက်ဆုံးပွဲမှာ မရှုံးနိမ့်ဖို့ ပြင်ဆင်အားထုတ်မှု ကောင်းမွန်ခဲ့တာ တွေ့ရပါတယ်။

မစ်ဒယ်ဝိတ်တန်းမှာ ဝိတ်ပိုလေ့ရှိတဲ့ အောင်လကို ဝယ်လ်တာဝိတ်ကနေ မစ်ဒယ်ဝိတ်တန်း တက်ထိုးပြီး ပါဝါနဲ့ ဝိတ်တင်ထားတဲ့ ကာဒက်စ်တန်ဟာ One မှာ နောက်ဆုံး သုံးကြိမ်ဆက် အနိုင်ရထားတဲ့ တွန်းအားနဲ့ ဒီနေ့ပွဲမှာ အာဒိုဂန်ကိုချည်း နှစ်ပွဲဆက်ရှုံးထားတဲ့ အောင်လကို ဖိအားမပေးနိုင်ခဲ့သလို အောင်လကလည်း နောက်ဆုံးပွဲမှာ သိက္ခာရှိရှိနားချင်လို့ အနိုင်ရဖို့ အားထုတ်ခဲ့တာမြင်ရပါတယ်။

ကာဒက်စ်တမ် ဝိတ်တင်လာပေမဲ့ အောင်လထက်အရပ်ပုတာ၊ ဘော်ဒီဝိတ်သေးတာကြောင့် အောင်လက သိသိသာသာ ထွားကြိုင်းနေပြီး ပထမအချီ တစ်မိနစ်ကျော်က Stand Fight ပြိုင်ဖို့ အကဲစမ်း၊ အကွာအဝေးခန့်မှန်းနေတာ တွေ့ရပြီး အလှပြနေသလိုဖြစ်နေတာပါ။

သူငယ်ချင်းလည်းဖြစ်သလို အောင်လလို ချန်ပီယံနှစ်ဆုရှင်ဖြစ်ခဲ့သူကို ကာဒက်စ်တမ်က ညှာချင်ပုံမြင်ရပေမဲ့ နှစ်မိနစ်လောက်မှာပဲ အောင်လရဲ့ မတော်ရာတည့်တည့် ကာဒက်စ်တမ် ကန်ထည့်လိုက်တာ မြင်ရပါသေးတယ်။ အပြန်အလှန် သွေးတိုးစမ်းနေရင်း အောင်လရဲ့ကန်ချက်ကလည်း ကာဒက်စ်တမ်ရဲ့ မတော်ရာ ချော်ကန်မိလို့ ပထမအချီက မတော်ရာကန်တာလောက်ပဲ ထိမိတာမြင်ရသလိုပါပဲ။ နှစ်ယောက်စလုံးဟာ တကယ်မထိုးဘဲ ဆနေတာချည်းဖြစ်သလို အပိုင်ထိုးရမှာတွေလည်း မထိုးခဲ့တာမြင်ရလို့ ပထမအချီက ပွဲကောင်းမျှော်ပရိသတ်ကို ဒုခေါင်ပွဲဆိုတဲ့ လောက်လောက်လားလား အရှိန်အဝါမပေးခဲ့ပေမဲ့ အမှတ်အရတော့ အောင်လသာနိုင်တဲ့ ထိုးချက်တွဲလုံးတချို့ ရခဲ့ပါတယ်။


အလဲထိုးပါဝါပိုကြီးတဲ့အောင်လကို ဒုတိယအချီအစမှာတော့ ကာဒက်စ်တမ် တိုက်စစ်ဖွင့်လာပါတယ်။ တိုက်စစ်ဖွင့်ပေမဲ့ အောင်လကို ကာဒက်စ်တမ် မယှဥ်နိုင်ဘဲ ဒုတိယအချီစပြီး တစ်မိနစ်နောက်ပိုင်းမှာ အောင်လရဲ့ လက်သီး၊ ဒူး၊ တံတောင် ၁၅ ချက်ထက်မနည်း ကာဒက်စ်တမ် စားခဲ့ရသလို ပြိုကျပြီထင်ပေမဲ့ ရုန်းထလာတဲ့ ကာဒက်စ်တမ်ကို အောင်လက ချောင်ပိတ်ပြီး လက်သီးတွေ၊ ဒူးတွေ ဆင့်ကာကျွေးသလို နှစ်မိနှစ်ကျော်အကြာ ကာဒက်စ်တမ် ကွဲပြဲ ဖင်ထိုင်ကျသွားချိန် ဆယ်ချက်ထက်မနည်း ဆင့်ထိုးချိန်မှာတော့ ဒိုင်ပွဲရပ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲဟာ အေးဆေးတယ်လို့ ထင်ရပေမဲ့ ရှုံးနိမ့်သွားတဲ့ ကာဒက်စ်တမ်က ကွဲပြဲသွားသလို အောင်လကလည်း ညာမျက်လုံး ပိတ်လုနီးနီးပါ။

အလဲထိုးအနိုင်ရသွားချိန်မှာ အောင်လက သူ့ကိုအားပေးခဲ့တဲ့ မြန်မာပရိသတ်အားလုံး ကျေးဇူးတင်စကားပြောခဲ့သလို One Championship ကလည်း အလဲထိုးအနိုင်ဆုကြေး ဒေါ်လာ ၅၀၀၀၀ ချီးမြှင့်မှုအပြင် One Championship ရဲ့ Hall of Fame အဖြစ် ဂုဏ်ပြုခဲ့ပါတယ်။

Credit - Myanmar Transprency News Agency

#centralnewsnaypyitaw

imageimage
+7