#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း 
◾️မြူးနစ်လေဆိပ်တွင် အမည်မသိဒရုန်းများကြောင့် လေယာဉ်ခရီးစဉ် တစ်ဒါဇင်ကျော် ဖျက်သိမ်း 
ဂျာမနီနိုင်ငံ မြူးနစ်လေဆိပ်တွင် ဒရုန်းပျံသန်းမှုများတွေ့ရှိပြီးနောက်လေဆိပ်ကို ပိတ်လိုက်ရပြီး လေယာဉ်ခရီးစဉ် တစ်ဒါဇင်ကျော်ကို ဖျက်သိမ်းလိုက်ရကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၃ ရက်တွင် ပြောသည်။ 
လေယာဉ်ခရီးစဉ် ၁၇ ခုထက်မနည်း ဖျက်သိမ်းလိုက်ပြီး ခရီးသည် ၃၀၀၀ကျော်ထိခိုက်ခဲ့သည်ဆို၏။ လေဆိပ်ကို ဆင်းသက်မည့် လေယာဉ် ၁၅ စင်းကိုလည်း အနီးအနားမြို့များရှိလေဆိပ်များသို့ လမ်းကြောင်းပြောင်းပေးခဲ့ရသည်။ 
ဒရုန်းများ မည်သည့်အရပ်မှလာသည်ကို ချက်ချင်းအတည်မပြုနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အမည်မသိ ဒရုန်းတွေကြောင့် မကြာသေးမီရက်သတ္တပတ်များအတွင်း ဒိန်းမတ်နိုင်ငံမှ လေဆိပ်များ အပါအဝင် ဥရောပတစ်ဝန်းရှိ လေဆိပ်အများအပြားကို ပိတ်ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။ 
မြူးနစ်တွင်ဆင်းသက်မည့် လေယာဉ်များကိုစတုဂတ်၊ နူရင်ဘတ်၊ ဗီယင်နာနှင့် ဖရန့်ဖတ်မြို့ လေဆိပ် များတွင် ဆင်းသက်ရန် လေကြောင်းထိန်းချုပ်ရေးကညွှန်ကြားခဲ့သည်။ညအချိန်ဖြစ်ခြင်းကြောင့် ဒရုန်း အမျိုးအစား၊ အရွယ်အစား သို့မဟုတ် မည်သည့်အရပ်မှ ပျံသန်းလာသည်ကို အတည်မပြုနိုင်သေး ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 
ဒရုန်းများကို ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၃၀ တွင် ပထမဆုံးတွေ့ရှိခဲ့ပြီးနောက်ထပ်တစ်နာရီ အကြာတွင်လည်း ထပ်မံတွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ကိုပင်ဟေဂင်နှင့်အော်စလို လေဆိပ်များအနီးတွင်လည်း မကြာသေးမီသီတင်းပတ်များအတွင်းကအမည်မသိ ဒရုန်းများတွေ့ရှိ ပြီးနောက် လေဆိပ်နှင့်စစ်ဘက်ဆိုင်ရာလေပိုင်နက်များကို ပိတ်ခဲ့ရသည်။
 
         
 
		  
		 
		 
		 
                