ပုံတောင်၊ ပုံညာမှာ  အင်းကျားတစ်ကောင်ဖမ်းမိ 
အောက်တိုဘာ ၂၊  
မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်အစပ်မှာရှိတဲ့ ပုံတောင်ပုံညာတောင်တန်းတွေပေါ်ကနေ အင်းကျားတစ်ကောင်ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။  
ဒေသခံမုဆိုးတွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ဝန်းကျင်က ဖမ်းဆီးရခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ ခေါင်းကနေ အမြီးအထိ ၄ ပေဝန်းကျင်ရှိတဲ့ အင်းကျားကို ဒေသခံမုဆိုးတွေရဲ့ ဂျီထောင်တဲ့ သုတ်ကိုင်းမှာ မိနေတဲ့အတွက် တူမီးနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ 
“သူတို့သတ်စားပြီးပြီတဲ့၊ အစွယ်နဲ့အရိုးပဲရှိတော့တယ်တဲ့၊ တောအရပ်မုဆိုးတွေဆိုတော့ နားမလည်ကြပါဘူးဗျာ။ ဘာမြင်မြင်ပစ်မယ်ဆိုတာပဲ။ မုဆိုးကြီးတွေလို စည်းမထားကြဘူး။ ဖုန်းလိုင်းမမိတဲ့တောအရပ်ဒေသမို့ ဗဟုသုတစာပေ ခေါင်းပါးကုန်တော့ မသိနားမလည်ကြဖို့ ဖြစ်ကြတာပါ” လို့ ဒေသခံတစ်ဦးက The Nation Voice ကိုပြောပါတယ်။ 
ကြောင်မျိုးရင်းဝင် တိရိစ္ဆာန်တွေထဲက အလယ်အလတ်အရွယ်အစားရှိတဲ့ တောရိုင်းတိရိစ္ဆာန်ဖြစ်တဲ့ အင်းကျားကို ၂၀၀၈ခုနှစ်မှာ နိုင်ငံတကာ သဘာဝစောင့်ရှောက်ရေးအသင်းက ပြုစုထားတဲ့ ခြိမ်းခြောက်ခံနေရတဲ့ မျိုးစိတ်များဆိုင်ရာ အနီရောင်စာရင်းမှာ မျိုးသုန်းရန်အန္တရာယ်ကျရောက်နိုင်တဲ့ မျိုးစိတ်အဖြစ်သတ်မှတ်ခဲ့ပါတယ်။
 
         
 
		  
		 
		 
		 
		 
		 
                