တောင်သူများအတွက် ဂျုံသီးနှံစိုက်ပျိုးစရိတ်များကို တစ်ဧကလျှင် ငွေကျပ် ( ၁၅၀၀၀၀)နှုန်းဖြင့် ထုတ်ချေးပေးသွားမည်
အောက်တိုဘာ ၃
တောင်သူများအတွက် ဂျုံသီးနှံစိုက်ပျိုးစရိတ်များကို တစ်ဧကလျှင် ငွေကျပ် ( ၁၅၀၀၀၀)နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် စပါးသီးနှံအပါအဝင် သီးနှံ (၂၃) မျိုးအား မိုး၊ ဆောင်း၊ မိုးကြိုရာသီအလိုက် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော်ကလည်း ဂျုံသီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် အားပေးဆောင်ရွက်လျက်ရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သည် (၂၀၂၅)ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေမှ စတင်၍ ဂျုံသီးနှံချေးငွေအား တစ်ဧကချေးငွေကျပ် (၁၅၀၀၀၀) နှုန်း၊ တစ်နှစ် လျှင် အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ် ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် တောင်သူလယ်သမားဦးကြီးများအနေဖြင့် ဂျုံသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ဘဏ်ခွဲများကို ဆက်သွယ်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။
Credit - NP News Agency
#သတင်းဟင်းလေးအိုးကြီး