ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက်မြေစာပုံပြိုကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး
အောက်တိုဘာ ၃
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊မှော်စီစာကျေးရွာအုပ်စု ၊သာယာကုန်းကျေးရွာတွင် ယနေ့(အောက်တိုဘာလ ၃ ရက်) နံနက် ကိုးနာရီခွဲခန့်က ကျောက်စိမ်းလုပ်ကွက်မြေစာပုံပြိုကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူမှာ အသက်(၅၀) ဝန်းကျင်ခန့်ရှိပြီး ကျောက်စိမ်းလုပ်ကွက်အတွင်း လက်ကျင်းတူးနေစဉ် မြေစာပုံပြိုကျခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် ဒဏ်ရာရရှိသူကို ဆေးရုံသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
“ရုတ်တရက် မြေစာပုံပြိုကျတော့ တစ်ယောက်က မြေစာပိပြီး နေရာမှာတင်ဆုံးသွားတာ။ ဒဏ်ရာရတဲ့သူကတော့ ကျိုးတာပဲ့တာတွေ မရှိပေမယ့် အတွင်းကြေသွားလောက်တယ်။ သတိမရတစ်ချက်၊ ရတချက်ဖြစ်နေတယ်။သူ့ကို လူနာတင်ယာဉ်မစောင့်ပဲ ရှိတဲ့ လောပန်းတစ်ယောက်ရဲ့ကားနဲ့ပဲ ဆေးရုံကိုပို့လိုက်ရတာ” ဟု အဆိုပါဒေသခံကဆိုသည်။
လက်ရှိတွင် လုပ်ကွက်ပိုင်ရှင်ဖြစ်သူထံ ဆက်သွယ်အကြောင်းကြားမှုများ လုပ်ဆောင်ထားပြီး သေဆုံးသူကို နာရေးကူညီမှုအသင်းများ၏ အကူအညီဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖားကန့်ဒေသတွင် နှစ်စဉ် လုပ်ကွက်မြေစာပုံပြိုကျမှုများကြောင့် ထိခိုက်သေဆုံးမှုများ ရှိနေပြီး ပြီးခဲ့သည့် ဇူလိုင်လ (၂၁) ရက်ကလည်း ဖားကန့်မြို့နယ်၊မှော်စီစာ ကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းတစ်ခုတွင် မြေစာပုံပြိုကျမှုကြောင့် ရှာဖွေသူ (၅) ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။
Credit - NP News Agency
#centralnewsnaypyitaw