အိန္ဒိယနဲ့ တရုတ်တို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲတော့မယ်
ဒေလီ၊ အောက်တိုဘာ-၃-၂၀၂၅
ရတီ(VOM)
အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းခရီးစဉ်တွေကို ယခုလအတွင်း ပြန်လည်စတင်တော့မှာဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
ဒါဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာဖို့ နောက်ထပ်ခြေလှမ်းတရပ်ဖြစ်ရှုမြင်ရပြီး ဟိမဝန္တာနယ်စပ်မှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ အသေအပျောက်များခဲ့တဲ့ ပဋိပက္ခတွေအပြီး ၂၀၂၀ ကတည်းက တိုက်ရိုက်လေကြောင်း ပျံသန်းမှု မရှိခဲ့ပါဘူး။
ဒါပေမယ့် ပြီးခဲ့တဲ့ တနှစ်အတွင်း အိန္ဒိယနဲ့ တရုတ်တို့ဟာ နယ်စပ်‌ဒေသမှာ တင်းမာမှုတွေ လျှော့ချဖို့ ကြိုးပမ်းခဲ့ပြီး ဆက်ဆံရေးပြန်လည် ကောင်းမွန်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ အိန္ဒိယရဲ့ အကြီးဆုံး ဘတ်ဂျက်လေကြောင်းလိုင်း IndiGo က ကာလကတ္တားနဲ့ ကွမ်ကျိုးမြို့တွေကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေကို အောက်တိုဘာ ၂၆ ရက်မှ ပြန်လည်စတင်မယ်လို့ ထုတ်ပြန်လာပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်တာဟာ နှစ်နိုင်ငံအကြား ပြည်သူချင်း ထိတွေ့ဆက်ဆံမှုကို ပိုမိုကောင်းမွန်စေပြီး နှစ်နိုင်ငံ အပြန်အလှန် ဖလှယ်မှုတွေ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်ရေးတို့ကို အထောက်အကူဖြစ်စေမယ်လို့ ဆိုပါတယ်။
အိန္ဒိယနဲ့ တရုတ်တို့သည် ၃၄၄၀ ကီလိုမီတာ (မိုင် ၂၁၀၀) ကျော်ရှည်လျားတဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေဖြစ်ပြီး နယ်မြေအငြင်းပွားမှုတွေ ရှိနေပါတယ်။ ၂၀၂၀ ခုနှစ်မှာ နှစ်နိုင်ငံတပ်တွေဟာ ဂယ်လ်၀န် ချိုင့်ဝှမ်း‌ဒေသမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အနည်းဆုံး အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ်စစ်သား လေးယောက်သေဆုံးခဲ့ပါတယ်။
ဒါဟာ ၁၉၇၅ ခုနှစ်ကတည်းက နှစ်ဘက်ကြား ပထမဆုံး ပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပြီး ဆက်ဆံရေး ဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ တနှစ်ကစပြီး ဆက်ဆံရေးကောင်းမွန်ဖို့နှစ်နိုင်ငံ ကြိုးပမ်းလာကြပြီး နှစ်ဖက် အဆင့်မြင့်အရာရှိတွေ အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
Ref:BBC

image