4 ပတ် - ဘာသာပြန်ပါ။

■ရန်ကုန်- သန်လျင်တံတား သာကေတမြို့နယ်ဘက်အခြမ်းတွင် အက်ဆစ်များတင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်၊ အက်စစ်များ ဖိတ်စင်သဖြင့် လမ်းဖြတ်ကူးသူ သုံးဦး ဒဏ်ရာရ
ရန်ကုန်- သန်လျင်တံတား သာကေတမြို့နယ်ဘက်အခြမ်းတွင် အက်ဆစ်များတင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်ရာ အက်ဆစ်များဖိတ်စင်သဖြင့် လမ်းဖြတ်ကူးသူ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
စက်တင်ဘာ ၂ ရက် ညနေ ၃ နာရီခွဲကျော်တွင် အက်ဆစ်များတင်ဆောင်လာသည့် ယာဉ်တစ်စီးမှာ ရန်ကုန်- သန်လျင်တံတား သာကေတမြို့နယ်ဘက်အခြမ်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တိမ်းမှောက်ရာမှ အက်ဆစ်များမှာ လမ်းမပေါ်သို့ ဖိတ်စင်ကျခဲ့ကြောင်း၊ ယင်းသို့ ဖိတ်စင်ရာမှ လမ်းဖြတ်ကူးလာသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ခြေထောက်များတွင် အက်ဆစ်လောင်ကျွမ်းဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ သုံးဦးမှာ သုံးခွမြို့နယ်မှ ဖြစ်ကြောင်း၊ အက်ဆစ်များတင်ဆောင်လာသည့် ယာဉ်မောင်းမှာ လက်ကျိုးဒဏ်ရာရရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
" အဲ့ကားလဲလဲချင်းအချိန်လောက်က ဘေးကဖြတ်လာတာ။ လမ်းပေါ်မှာ အက်ဆစ်တွေပျံ့နေတာကို ဖြတ်မောင်းလာမိတာ။ မီးခိုးတွေထွက်ပီး ညှော်နံ့တွေပါရလာတာ။ အက်ဆစ်စင်တဲ့ သူတွေတော့ ဘယ်လိုခံစားရမလဲမသိဘူး။ ကျမတော့ အိမ်ရောက်ရောက်ချင်း ကားကို ရေနဲ့ဆေးချတာ အဖြူရောင်အမြုပ်ရေတွေ ကျလာတာ အက်ဆစ်အပြင်းစားတွေဖြစ်မယ်ထင်တယ်" ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောကြားသည်။
ထို့ပြင် လမ်းမပေါ်သို့ အက်ဆစ်များ မှောက်ကျခဲ့ခြင်းကြောင့် လမ်းသန့်ရှင်းရေးများကို လုပ်ဆောင်ခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းများက ကူညီဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

image
image
image