ဖြစ်တည်မှုတွေ မတူညီကြဘူး ။ ကံတရားဟာလည်း မတူညီဘူးလေ ။ ဘဝမှာ အလိုချင်ဆုံး ဆုတစ်ခု တောင်းပါဆိုရင် “ ဘာအတွက်မှ မပူလောင်ဘဲ အေးအေးချမ်းချမ်းလေး ရှင်သန်ပါရစေ ” လို့ ဆုတောင်းဖြစ်မှာ ။
ငွေအတွက်လည်း မပူပန်ချင်ဘူး ၊ မစိုးရိမ်ချင်ဘူး ။ ဆက်ဆံရေးတွေကြောင့်လည်း ပူလောင်သောက မရောက်ချင်ဘူး ။ အလုပ်အကိုင်ကြောင့် ပူပန်နေရတာမျိုးတွေကိုလည်း သဘောမကျဘူး ။
နေနဲ့လမှာ နေက ပိုလင်းတယ်ဆိုပေမဲ့ ကိုယ်ကတော့ လမင်းလို အေးအေးချမ်းချမ်းပဲ နေချင်တယ် ။ အများကြီး မထွန်းလင်းရင် နေပါစေ စိတ်ကြည်လင်စေတဲ့ အအေးဓာတ်တွေပဲ မျှဝေပေးချင်တယ် ။ လူတွေကို အေးမြတဲ့ မေတ္တာတွေပဲ ပေးချင်တယ် ။ သောကနဲ့ နောင်တတွေကို မပေးချင်ဘူး ။ ကိုယ့်ရဲ့ အေးမြခြင်းတွေကြားမှာ လူတွေကို ပျော်ရွှင်စေချင်တယ် ။ ဘဝကို ပုံမှန်လေးပဲ ဖြတ်သန်းချင်တယ် ။ အရမ်းလည်း မချမ်းသာချင်ဘူး ။ အရမ်းလည်း မဆင်းရဲချင်ဘူး ။
မနက် အိပ်ရာထတာနဲ့ လေ့ကျင့်ခန်းလေး လုပ်မယ် ။ အလုပ် သွားမယ် ။ အလုပ်က အပြန် ညနေဘက် ချက်ပြုတ်စားသောက်မယ် ။ တစ်နေ့တာကို ပျော်ရွှင်ခြင်းတွေနဲ့ပဲ ကျေကျေနပ်နပ်ကြီး ဖြတ်သန်းချင်တယ် ။ ကိုယ့်ဘဝကို အေးအေးချမ်းချမ်းပဲ နေချင်တယ် ။
#သဟာဆွေလှိုင်း
