#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဒေါ်လာဘီလီယံ ၅၀၀ ကျော် ပထမဆုံးကြွယ်ဝသူအဖြစ် အီလွန်မာ့ခ် ဖြစ်လာ
ဝါရှင်တန်၊ အောက်တိုဘာ-၂
တက်စလာလျှပ်စစ်ကားကုမ္ပဏီသူဌေး အီလွန်မာ့ခ်သည် ယခုနှစ်တွင် လျှပ်စစ်ကားကုမ္ပဏီနှင့် ၎င်း၏ အခြားစီးပွားရေးလုပ်ငန်းများ၏ တန်ဖိုးများမြင့်တက်နေသဖြင့် အသားတင် ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၅၀၀ ကျော်ကြွယ်၀သည့် ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
နည်းပညာသူဌေးကြီး၏ အသားတင်ပိုင်ဆိုင်မှုသည် အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းတွင် ဒေါ်လာ ၅၀၀ ဒသမ ၁ ဘီလီယံသို့ ခေတ္တရောက်ရှိခဲ့ပြီး ထိုနေ့နှောင်းပိုင်းတွင် ဒေါ်လာ ၄၉၉ ဘီလီယံကျော်သာ ကျဆင်းသွားခဲ့ကြောင်း ဖိုးဘီးစ်မဂ္ဂဇင်း၏ ဘီလျံနာအညွှန်းကိန်းက ဖော်ပြခဲ့သည်။
တက်စလာနှင့်အတူ ၎င်း၏ဉာဏ်ရည်တုလုပ်ငန်း၊ ဒုံးပျံကုမ္ပဏီ စပေ့စ်ဆက်အပါအဝင် အခြားလုပ်ငန်းများ၏ တန်ဖိုးများသည် မကြာသေးမီလများအတွင်း မြင့်တက်လာသည်ဟု သတင်းများကဆိုသည်။ လက်ရှိပိုင်ဆိုင်မှုသည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ကမ္ဘာ့နည်းပညာကဏ္ဍပြိုင်ဘက်များထက်ကောင်းစွာ ရပ်တည်နိုင်စေခဲ့သည်။
ဖိုးဘီးစ်၏ ဘီလျံနာအညွှန်းကိန်းအရ အိုရကယ်ကို တည်ထောင်သူ လယ်ရီအီလီဆန်က ချမ်းသာကြွယ်၀မှု ဒေါ်လာ ၃၅၀ ဒသမ ၇ ဘီလီယံဖြင့် ကမ္ဘာ့ဒုတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အီလွန်မာ့ခ် ပို၍ကြွယ်၀လာမှုသည် ၎င်း၏တက်စလာ ရှယ်ယာ ၁၂ ရာခိုင်နှုန်းဆက်စပ်နေပြီး တက်စလာရှယ်ယာများသည် ယခုနှစ်အတွင်း သိသိသာသာ ဈေးနှုန်းမြင့်တက်လာခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများသည် အီလွန်မာ့ခ်အနေဖြင့် နိုင်ငံရေးထက် ၎င်း၏ ကုမ္ပဏီများအပေါ် အချိန်ပိုအာရုံစိုက်ခြင်းကို ကြိုဆိုနေကြသည်။ ၎င်းသည် ယခုနှစ်အစောပိုင်းတွင် အမေရိကန်အစိုးရအသုံးစရိတ်လျှော့ချရန်နှင့် အလုပ်အကိုင်များဖြတ်တောက်ရန်အတွက် အစိုးရစွမ်းဆောင်ရည်ဌာန အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။