ကုလအဆင့်မြင့်ညီလာခံတွင် ဂျူလီဘစ်ရှော့က မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအချို့ကို လှစ်ဟဖော်ပြခဲ့

အောက်တိုဘာ ၂

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်က ကုလသမဂ္ဂတွင် ကျင်းပခဲ့သော မြန်မာနိုင်ငံရှိ မွတ်ဆလင်များနှင့် အခြား လူနည်းစုများဆိုင်ရာ အဆင့်မြင့်ညီလာခံတွင် ၎င်းတွေ့ရှိသိမြင်ခဲ့ရသော မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအချို့ကို မိန့်ခွန်း အတွင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဂျူလီဘစ်ရှော့သည် မြန်မာနိုင်ငံ၏ အကျပ်အတည်းများကို အဖြေရှာနိုင်ရန် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအားလုံးနှင့် ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းသည့် အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံကို တတိယအကြိမ် ထပ်မံ သွားရောက်ခဲ့ကြောင်းဖော်ပြခဲ့သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့်အပြင် နေပြည်တော်၌ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံခဲ့ကြောင်း ၎င်းက ထည့်ပြောသည်။

“ဇူလိုင်လ ၃၁ ရက်နေ့မှာ အရေးပေါ်အခြေအနေ သက်တမ်းကုန်ဆုံးပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) နေရာကို အစားထိုးတဲ့ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်က ရွေးကောက်ပွဲတွေကို သုံးဆင့်ခွဲပြီး ကျင်းပဖို့ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရွေးကောက်ပွဲပထမပိုင်းကို ဒီဇင်ဘာ (၂၈) ရက်နေ့မှာ စတင်ကျင်းပမည်ဖြစ်ကြောင်း၊ မြို့နယ် စုစုပေါင်း မြို့နယ် (၃၃၀) ထဲက မြို့နယ် (၁၀၂) မြို့နယ်မှာ ပထမပိုင်းကျင်းပဖို့စီစဉ်ထားကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အကြမ်းဖက်ဖျက်ဆီးမည့် အခြေအနေများကို မျှော်မှန်းပြီး လုံခြုံရေး အစီအမံများကို တင်းကျပ်ထားကြောင်းလည်း အသေးစိတ်ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်စာရင်းများ၊ ပါတီမှတ်ပုံတင်ခြင်းများနှင့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းများကို ပြင်ဆင်နေကြောင်းလည်း ၎င်းက ညီလာခံတွင် အစီရင်ခံခဲ့သည်။

ထို့ပြင် ကနဦးကာလများနှင့်မတူ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုများ လျော့ပါးသွားခဲ့ကြောင်းကိုလည်း ဂျူလီဘစ်ရှော့က အလေးပေး ဖော်ပြလာသည်။

“ဗိုလ်ချုပ်မှူးကြီးကို အဆင့်မြင့် ဒေသဆိုင်ရာ အစည်းအဝေးတွေမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တွေက ကြိုဆိုလာကြတယ်။ သူ သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေထဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် နိုင်ငံတွေရဲ့ မြို့တော်တွေလည်း ပါဝင်နေတယ်။ ဒီအခြေအနေတွေကြောင့်လည်း အရေးယူ ပိတ်ဆို့မှုတွေ ရုပ်သိမ်းခဲ့တာမျိုးဖြစ်တယ်” ဟု သူမက အဆင့်မြင့်ညီလာခံတွင် ဖော်ပြခဲ့သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရဲ့ (၁၀) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို စီစဉ်နေကြောင်းကိုပါ ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

“အဲဒါကို ငြိမ်းချမ်းရေး ဖိုရမ် တစ်ခုအဖြစ် လုပ်ဆောင်ဖို့ အဆိုပြုထားပြီး NCA ကို ထောက်ခံသူတွေနဲ့အတူ သံတမန်တွေ၊ တခြား အခန်းကဏ္ဍက ပါဝင်သူတွေ အပါအဝင် ပါဝင်ပတ်သက်သူတွေကို ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆင့်မြင့်ညီလာခံတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်က ၎င်း၏ ကွင်းဆင်းလေ့လာတွေ့ရှိချက်များကို ထိုသို့ တင်ပြခဲ့ရာ မြန်မာအစိုးရ၏ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် တိုးတက်မှုများ ရှိနေကြောင်း ၎င်း၏ ဖော်ပြချက်များက ထင်ဟပ်နေသည်။

Credit - NP News Agency

#centralnewsnaypyitaw

image