❝အရက်မူးပြီး မိသားစုအပေါ် ဆဲဆိုနေတဲ့ ဖခင်ဖြစ်သူကို သားဖြစ်သူက ဓားနဲ့ထိုးလို့ သေဆုံး❞

အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်၊ အင်ကြင်း ၉ လမ်းမှာ အရက်မူးပြီး မိသားစုအပေါ် ဆဲဆိုရန်ရှာနေတဲ့ ဖခင်ဖြစ်သူကို သားဖြစ်သူက ဓါးနဲ့ထိုးလိုက်တာကြောင့် သေဆုံးသွားတဲ့ဖြစ်စဥ်တစ်ခု ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်၊ ည ၈နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူက အသက် (၆၅) အရွယ် ဦးသန့်ဇင် ဆိုသူဖြစ်တယ်လို့ သိရပြီး သူက အရက်ဆိုင်ကပြန်လာပြီး သားဖြစ်သူအပါအဝင် မိသားစုအားလုံးကို အော်ဟစ်ဆဲဆိုနေတာကြောင့် သားဖြစ်သူက စိတ်မထိန်းနိုင်ဘဲ ဟင်းလှီးဓားနဲ့ ထိုးလိုက်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

❝အဲဒီလူက အခုလိုပဲ အမြဲတမ်း မိသားစုကို ဆဲဆိုရမ်းကားနေတာဗျ။ အခု ဓားနဲ့ထိုးတဲ့ သူ့သားက အိမ်သာကျင်းတူးပြီး မိသားစုကို လုပ်ကျွေးနေတာ။ အဲဒီနေ့ကကျတော့ အရက်ဆိုင်ကပြန်လာပြီး သူ့သားကို မင်း ငါ့ရှေ့ကထွက်သွား၊ အိမ်သာကျင်းတူးတဲ့ကောင်၊ မင်းအစား ငါရှက်တယ် ဆိုပြီး ဆဲဆိုနေတာ။ ခနနေတော့ သားက ဓားနဲ့ထိုးလိုက်တယ်ကြားရတာပဲ။❞ လို့ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

အဲဒီဖြစ်စဥ်ကြောင့် ဖခင်ဖြစ်သူ ဦးသန့်ဇင်မှာ ဝဲလက်ဖျံပြတ်ရှဒဏ်ရာ ၁ ချက်၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာဘက်ဝမ်းဗိုက်စောင်း ပျက်ရှဒဏ်ရာ ၁ ချက်၊ ဦးခေါင်းထိပ်ပြက်ရှဒဏ်ရာ ၁ ချက်တို့ ရရှိပြီး ဥသျစ်ပင်ပြည်သူ့ဆေးရုံကို တင်ပို့ကုသစဥ်မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖြစ်စဥ်နဲ့ပတ်သတ်လို့ အဖေဖြစ်သူကို ဓားနဲ့ထိုးတဲ့ သားဖြစ်သူ သက်နိုင်ဦး(၄၀နှစ်)ကို ဥသျှစ်ပင်ရဲစခန်းက (ပ) ၉၃/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူထားတယ်လို့လည်း သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image