ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကြားဖြတ်အစိုးရရဲ့ အကြံပေးအရာရှိချုပ် မူဟာမက် ယူနပ်စ်က ဘင်္ဂါလီလူမျိုးစု တွေကို မြန်မာနိုင်ငံ ပြန်လည်ပို့ဆောင်ဖို့အတွက်ဟုဆိုကာ အချက်ခုနစ်ချက်ပါ လမ်းပြမြေပုံကို ကုလသမဂ္ဂတွင် အဆိုပြု
စက်တင်ဘာ ၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကြားဖြတ်အစိုးရရဲ့ အကြံပေးအရာရှိချုပ် မူဟာမက် ယူနပ်စ်က အမေရိကန်ပြည် ထောင်စု၊ နယူးယော့ခ်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂါလီလူမျိုးစုတွေကို မြန်မာနိုင်ငံ ပြန်လည်ပို့ဆောင်ဖို့အတွက် ရှင်းလင်းတဲ့လမ်းပြမြေပုံတစ်ရပ်ချမှတ်ဆောင်ရွက်သွားဖို့ ကုလသမဂ္ဂအဖွဲ့ကို တိုက်တွန်းရင်း ဘင်္ဂါလီအကျပ်အတည်းအတွက် အချက်ခုနစ်ချက်ပါ ဖြေရှင်း ချက်တစ်ရပ်ကို အဆိုပြုခဲ့တယ်လို့ သိရပါတယ်။
ဘင်္ဂါလီလူမျိုးစုတွေနဲ့ တခြားလူနည်းစုတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အကျပ်အတည်းကို အဆုံးသတ်ဖို့ အစပျိုးမှုတွေ အားနည်းနေတယ်လို့ အကြံပေးအရာရှိချုပ် ပါမောက္ခ ယူနပ်စ် က ကုလသမဂ္ဂ အဆင့်မြင့် ညီလာခံ၊ အစည်းအဝေးတစ်ရပ်မှာ ပြောခဲ့ပါတယ်။
“ဘင်္ဂါလီအကျပ်အတည်းက မြန်မာနိုင်ငံက ပေါက်ဖွားလာတာဖြစ်တယ်၊ ဖြေရှင်းနည်းကလည်း သူတို့ နိုင်ငံမှာပဲရှိတယ်”လို့ ယူနပ်စ်က ပြောပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရနဲ့ နယ်မြေလုယက်တိုက်ခိုက်နေတဲ့ AAတို့အပေါ် ထိရောက်တဲ့ဖိအားပေးဖို့လိုတယ်လို့ အလေးပေးပြောခဲ့ပါသေးတယ်။
ဒါ့အပြင် AA အနေနဲ့ဘင်္ဂါလီတွေကို နှိပ်စက်ညှဉ်းပန်းမှု ချက်ချင်းရပ်တန့်ကာ နေရပ်ပြန်ပို့ရေးကို အမြန်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယူနပ်စ်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပိုမိုကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဓားစာခံအဖြစ် မဖမ်းဆီးသင့်တဲ့ အကျပ်အတည်းအတွက် တစ်ခုတည်းသော အဖြေဖြစ်ပါတယ် လို့ သူကဆိုခဲ့ပါသေးတယ်။
ယူနပ်စ် က ဘင်္ဂါလီတွေ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် လမ်းပြမြေပုံတစ်ခု ချမှတ်ဖို့တောင်းဆိုခဲ့တဲ့အပြင် မြန်မာအစိုးရနဲ့ ရခိုင်တပ်မတော်တို့ကို အကြမ်းဖက်မှုတွေ အဆုံးသတ်ကြဖို့ ဖိအားပေးကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကြာသေးမီက ရောက်ရှိခဲ့သူတွေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေ ပြန်လည်ဝင်ရောက်ရေးကို ဦးစားပေးဆောင်ရွက်ဖို့ အစည်းအဝေးမှာ တောင်းဆိုခဲ့တာပါ။
သူက အဆိုပြုခဲ့တဲ့ အချက် ခုနစ်ချက်ပါ လမ်းပြမြေပုံမှာတော့ ယူနပ်စ်က ရခိုင်ပြည်နယ်တည်ငြိမ်မှုရှိဖို့၊ နိုင်ငံတကာက စောင့်ကြည့်ကြီးကြပ်ဖို့၊ ယုံကြည်မှုတည်ဆောက်ရေး အစီအမံတွေ ပြုလုပ်ဖို့ တို့ကို ရခိုင်လူ့အဖွဲ့အစည်း ပေါင်းစည်းမှုရှိဖို့ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ယူနပ်စ်က ပူးတွဲ တုံ့ ပြန်မှုအစီအစဉ်ကို ရန်ပုံငွေအပြည့်အဝပေးဖို့၊ တာဝန်ခံမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ တရားမျှတမှုကို လိုက်နာဖို့၊ AA ရဲ့ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်တဲ့စီးပွားရေးကို ဖျက်သိမ်းဖို့နဲ့ နယ်နိမိတ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့လည်း ထပ်မံတောင်းဆိုထားပါတယ်။
ကုလသမဂ္ဂရဲ့အဆိုအရ မြန်မာနိုင်ငံရှိ လူနည်းစုတွေရဲ့ ရုန်းကန်မှုနဲ့ ဒေသတွင်း ကျယ်ပြန့်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ အပါအဝင် အခြေခံအကြောင်းတရားတွေဖြစ်တဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းဖို့နဲ့ အခြေခံအမြင်တွေကို မျှဝေဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ နောက်ထပ် ရည်မှန်းချက်တစ်ခုကတော့ ဘင်္ဂါလီတွေနဲ့ တခြား အိုးအိမ်မဲ့အဖွဲ့တွေရဲ့ ဆန္ဒအရ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး အစီအစဉ်ကို အဆိုပြုဖို့ ဖြစ်တယ်လို့ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကမြန်မာနိုင်ငံကထွက်ပြေးလာကြတဲ့ ဘင်္ဂါလီဒုက္ခသည် ၁ ဒသမ ၂ သန်းခန့်ရဲ့ ဝန်ထုပ် ဝန်ပိုးကို ထမ်းရွက်နေရနတယ်လို့ စွပ်စွဲပြောကြားပြီး ဒီပြဿနာအပေါ် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှု ရွေ့လျားလာအောင် ကုလသမဂ္ဂမှာ ဒီအကျပ်အတည်းနဲ့ ပတ်သက်လို့ အဆင့်မြင့်လှုပ်ရှားမှုအနေနဲ့ ပထမဆုံး ဒီအစည်းအဝေးကို ပြုလုပ်ခဲ့တာပါပဲ။
ဒီအစည်းအဝေးမှာ နိုင်ငံပေါင်း ၆၆ နိုင်ငံမှ ကိုယ်စားလှယ်တွေနဲ့ အစိုးရ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။ တူရကီက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကို ကိုယ်စားပြုတက်ရောက်ပြီး ကူဝိတ်က ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီအတွက် ဆွေးနွေးခဲ့ပါတယ်။
၂၀၂၄ ခုနှစ်ဆန်းပိုင်းမှစပြီး ရခိုင်ပြည်နယ်မှာ ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ခဲ့လို့ ဘင်္ဂါလီ ၁၅၀,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်လာကြရတယ်။ ဒါပေမယ့် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်က ရပ်တန့်နေလို့ ဘင်္ဂါလီ တွေ နေရပ်ပြန်လိုပေမယ့် နိုင်ငံသားဖြစ်ခွင့်နဲ့ လုံခြုံရေးအတွက် အာမခံချက်မရှိဘူးလို့ ယူနပ်စ်က ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ရခိုင်ပြည်နယ်ရှိ လူနည်းစုတွေ အတွက်ဆိုးရွားတဲ့ ပုံရိပ်ဖြစ်နေရတယ်လို့သုံးသပ်ခဲ့ပါတယ်။ သူက “ ဘင်္ဂါလီတွေအတွက် အချိုးအကွေ့ တစ်ခုလိုပါတယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူပြီး ရေရှည်တည်တံ့တဲ့ အဖြေတစ်ခုကို ဖော်ဆောင်ဖို့ လိုအပ်တယ်” လို့ ပြောခဲ့ပါတယ်။
ဒီအချိန်မှာ ဘင်္ဂါလီဒုက္ခသည်တွေအတွက်ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာ၊ အာဟာရ၊ ကာကွယ် စောင့်ရှောက်မှုနဲ့ ပညာရေးတို့အတွက် ၂၀၂၅ ခုနှစ်မှာ လိုအပ်တဲ့ ဒေါ်လာ ၉၃၄ သန်းရဲ့ ၃၈ ရာခိုင်နှုန်းသာ အလှူရှင်တွေထံမှ ပြည့်မီရရှိတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဂျူလီ ဘိရှော့က မြန်မာစစ်တပ်နဲ့ ခွဲထွက်ရေးသမားတွေကြား တိုက်ပွဲတွေက နေရပ်စွန့်ခွာ ဘင်္ဂါလီတွေ နေရပ်ပြန်ရေးမှာ ဖြတ်ကျော်လို့မရနိုင်တဲ့ အတားအဆီးဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။
REF- Daily Star
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး