❝ထိုင်းနိုင်ငံမှာ မြန်မာလူငယ်အချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်ကြရာကနေ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ❞
စက်တင်ဘာ ၃၀
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရဲ့ မြို့လယ်လမ်းမတစ်ခုပေါ်မှာ မြန်မာလူငယ်တွေအချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်ကြရာကနေ ဓားထိုးမှုဖြစ်လို့ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်တစ်ခု ဒီနေ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းအချို့က ဖော်ပြထားပါတယ်။
သတင်းအရ အခင်းဖြစ်ပွားရာနေရာကို ပတ္တရားရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးတဲ့အခါ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် (၂၂) နှစ်နဲ့ အသက်(၂၇)နှစ်အရွယ်ရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးကို တွေ့ရသလို နောက်ကျောမှာ ထိုးသွင်းဒဏ်ရာရရှိထားတဲ့ အသက်(၂၀) အရွယ်အမျိုးသားတစ်ဦးကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
မျက်မြင်သက်သေတွေနဲ့ CCTV မှတ်တမ်းတွေအရ သေဆုံးဒဏ်ရာရခဲ့တဲ့ မြန်မာနိုင်ငံသားအမျိုးသား ၃ ဦးဟာ ဆိပ်ခံတံတားဘက်ကနေ ထွက်ပြေးလာခဲ့ကြပြီး သူတို့နောက်ကနေ လူ ၈ ဦးထက်မနည်းရှိ ကျူးလွန်သူအုပ်စုက လိုက်လံတိုက်ခိုက်ခဲ့တာကို တွေ့မြင်ရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အလားတူ အခင်းဖြစ်ပွားရာနေရာကနေ တိုက်ခိုက်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ သစ်သီးခွဲဓား နှစ်လက်ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီး ကနဦးစစ်ဆေးချက်တွေအရ သူတို့အုပ်စုအကြား ယခင်ကတည်းက ရန်ငြိုးရန်စရှိထားတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီဖြစ်စဥ်မှာ ပါဝင်သူတွေက ပတ္တရားမြို့မှာရှိတဲ့ အိန္ဒိယစားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူတွေဖြစ်ကြတယ်ဆိုတာကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ပြီးနောက် လက်ရှိမှာတော့ သံသယရှိသူ ၄ ဦးကို ဖမ်းမိထားပြီး ဝန်ခံချက်တွေကိုပါ ရရှိထားတယ်လို့လည်း ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။
#centralnewsnaypyitaw