အောက်တိုဘာ ၁ ၊၂၀၂၅ 
 
မိုးများပြီး ရေစီးကြမ်းကာ ရေတက်ခဲ့လို့ ရန်ကုန် - ပုဂံ ရထားလမ်းမှာရှိတဲ့ တံတားစင်းရဲ့အလယ်ကွန်ကရစ်တိုင်တခု နိမ့်ကျွံကျသွားတာကြောင့် ရန်ကုန် - ပုဂံ ရထားခရီးစဉ်ကိုယာယီ ရပ်နားထားလိုက်ရတယ်လို့ ပုဂံဘူတာ တာဝန်ရှိသူက ပြောပါတယ်။ 
တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးရွာအနီးရှိ  ဝက္ကသေးဘူတာအနီးက  ရန်ပယ်ရထားသံလမ်းတံတားရဲ့ ကွန်ကရစ်အလယ်တိုင် စက်တင်ဘာ ၃၀ ရက်နေ့က  နိမ့်ကျသွားတာဖြစ်ပြီး ရေကျချိန်မှသာ ပြင်ဆင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။  
ရေကျသွားချိန်မှသာ ရထားလမ်းကိုပြင်ဆင်နိုင်မှာဖြစ်တဲ့အတွက် သီတင်းကျွတ် ရုံးပိတ်ရက်ကာလမှာ ရထားပြန်လည်ပြေးဆွဲနိုင်ခြင်းရှိမရှိက ရာသီဥတုအပေါ်မူတည်နေတာကြောင့် ပြန်ဖွင့်မယ့်ရက်ကိုအတိအကျ ပြောနိုင်တဲ့အခြေအနေမရှိသေး ဘူးလို့သိရပါတယ်။  
" တိုင်းအစီအစဥ်နဲ့လုပ်နေတာ။အခုကရထားနိမ့်ကျွံသွားလို့ယာယီရပ်ထားတယ်ပဲသိရတယ်။ဘယ်နေ့ပြုပြင်မယ် ၊ဘယ်လောက်ကြာမယ်ဆိုတာ မသိရသေးဘူး။ တံတားက ရေကျမှပဲပြုပြင်လို့ရမှာပါ။ ရေကတော့မနေ့ကထက် နှစ်ပေလောက်ကျသွားပြီ ခုမနက်သိရတယ်။ ဝက္ကသေးဘူတာနားမှာပေါ့။တံတားအမှတ် ၃၄၃ လို့လည်းခေါ်တယ်။ သီတင်းကျွတ်ရထားဆွဲနိုင်မလားဆိုရင် ရာသီဥတုအပေါ်ပဲပြောမှာပေါ့။မိုးကအဆက်မပြတ်ရွာနေရင်လုပ်မရဘူးပေါ့။မိုးမရွာဘူးပွင့်တယ်ဆိုရင်တော့ ဒါကကြာတဲ့လုပ်ငန်းတော့မဟုတ်ဘူး။ယာယီဖြတ်လို့ရအောင်လုပ်မှာပေါ့လေ။ လတ်တလောကတော့ တိုင်းတာဖို့ခက်နေတုန်းဆိုတော့ ကျွန်တော်တို့ကဘာမှမသိရသေးလို့ ယာယီပိတ်ထားပါသည်လို့ပဲဖြစ်နေတယ်။ခရီးသည်တွေမေးရင်လည်းကျွန်တော်တို့လည်းဖြေရခက်နေပါတယ်။ရက်ကတော့တအားကိုကပ်နေပြီ။ခရီးသွားတွေကလည်းရထားနဲ့သွားကြမယ့်သူတွေများနေတယ်။" လို့ ပုဂံဘူတာရုံပိုင်ကြီးကပြောပါတယ်။  
ရန်ကုန် - ပုဂံရထားခရီးစဥ်ကို ရပ်နားလိုက်ရတဲ့အတွက် စက်တင်ဘာ ၃၀ ရက်နေ့ ပုဂံမှ ထွက်မယ့်ရထားခရီးစဥ်လည်း ပြေးဆွဲနိုင်ခြင်းမရှိခဲ့တာကြောင့် ရထားလက်မှတ်ဖြတ်ထားသူတွေကို ငွေပြန်အမ်းပေးခဲ့ရတယ်လို့ သိရပါတယ်။  
သီတင်းကျွတ်ရုံးပိတ်ရက်က အောက်တိုဘာ ၅ ရက်မှ ၇ ရက်နေ့အထိဖြစ်ပြီး အစိုးရဝန်ထမ်းတွေနဲ့ ကုမ္ပဏီ ဝန်ထမ်းအများစုက စနေနေ့ဖြစ်တဲ့ အောက်တိုဘာ ၄ ရက်မှစပြီး ရုံးပိတ်တာမျိုးရှိကြောင်းသိရပါတယ်။  
ဒါကြောင့် ရန်ကုန် - ပုဂံရထားလမ်းရှိ နိမ့်ကျွံကျသွားတဲ့ တံတားကို ပြုပြင်ဖို့အတွက် အချိန် ၂ ရက်သာကျန်ရှိပြီး ရေမကျပါက ပြင်ဆင်နိုင်ခြင်းမရှိသလို ရေကျပါကလည်း ပြုပြင်ဖို့ အချိန်ယူရတာမျိုးရှိနိုင်တဲ့အတွက် သီတင်းကျွတ်ရုံးပိတ်ရက်မှာ ရထားပြန်လည်ပြေးဆွဲနိုင်ခြေနည်းနေတယ်လို့ သိရပါတယ်။  
" သီတင်းကျွတ်ကို ရထားဆွဲနိုင်ဖို့မသေချာလောက်ဘူး။ရေကကျသွားတယ်ဆိုပေမယ့် လုံးလုံးကျတာမျိုးမဟုတ်သေးဘူးဆိုတော့လေ။ တံတားအလယ်တိုင်က ကျွံကျသွားတာပါ။ရေစီးကလည်းကောင်းတုန်းပဲဆိုတော့ ပြင်ဖို့ကမလွယ်သေးဘူး။" လို့ ဒေသခံတယောက်ကပြောပါတယ်။  
ရန်ကုန် - ပုဂံ ရထားကတော့ တပတ်မှာ အစုန် အဆန် တကြိမ်သာ ပြေးဆွဲပြီး အပတ်စဥ် ရန်ကုန်ကနေ သောကြာနေ့ညနေ ၄ နာရီ ၁၅ မှာထွက်ရှိပြီး ပုဂံကနေ အပတ်စဥ် အင်္ဂါနေ့ညနေ ၄ နာရီ ၁၅ မှာ ရထားထွက်တာဖြစ်တယ်လို့သိရပါတယ်။  
တိုင်းအစိုးရကတော့ ရေကျပါက ရထားသံလမ်းကို ရထားယာယီဖြတ်သန်းလို့ရအောင်ပြုပြင်ပြီး သီတင်းကျွတ်ကာလပြေးဆွဲနိုင်ရေး ဆောင်ရွက်ကြမှာဖြစ်တယ်လို့သိရပါတယ်။
 
         
 
		  
		 
		 
                