ဖိလစ်ပိုင်မှာ အင်အားပြင်းငလျင်ကြောင့် လူ ၂၇ ယောက်သေဆုံးပြီး ၁၄၀ ကျော်ဒဏ်ရာရ 
မနီလာ၊ အောက်တိုဘာ -၁-၂၀၂၅ 
 
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ပြင်းအား ၆ ဒဿမ ၉ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်မှုကြောင့် လူ ၂၇  ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက ပြောပါတယ်။  
ငလျင်ကြောင့် လူ ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးသမားတွေဟာ  ပြိုကျနေတဲ့  အဆောက်အအုံတွေထဲမှာ ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး သူဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း ပြောပါတယ်။ 
အင်္ဂါနေ့ ည ၁၀ နာရီ မတိုင်မီ အလယ်ပိုင်း ဗီဇာရက်စ် ဒေသရှိ စီဘူး ပြည်နယ်ရှိ ဘိုဂိုမြို့ ကမ်းရိုးတန်းမှာ ငလျင် လှုပ်ခတ်ခဲ့ပြီး နှစ် ၁၀၀ ကျော် သက်တမ်းရှိ ဘုရားကျောင်း အပါအဝင် အဆောက်အအုံတွေ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ပါတယ်။  ထရန်စဖော်မာတချို့ ပြိုကျ ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။  
ဖိလစ်ပိုင်ရဲ့  ရေပန်းအစားဆုံး ခရီးသွားနေရာတွေထဲမှ တခုဖြစ်သည့် စီဘူး ပြည်နယ်ဟာ လူဦးရေ ၃ ဒဿမ ၄ သန်း နေထိုင်ပါတယ်။  နိုင်ငံရဲ့ ဒုတိယအကြိးဆုံး Mactan-Cebu အပြည်ပြည်ဆိုင်ရာလေဆိပ်ကတော့ လည်ပတ်ဆဲဖြစ်ပါတယ်။  
စီဘူးနဲ့  အနီးနားရှိ အလယ်ပိုင်းကျွန်းတွေလျှောက် ဓာတ်အားလိုင်းတွေ ပြတ်တောက်သွားကြောင်း ဖိလစ်ပိုင် အမျိုးသား ဓါတ်အားပေးဌာနက ထုတ်ပြန်ထားပြီး  ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို အကဲဖြတ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။  
ငလျင်ဟာ  ဆန်ရီမီဂျီယို အပါအဝင် စီဘူမြောက်ပိုင်းမှာ အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အစားအစာနဲ့ ရေအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်သားတွေအတွက် အထောက်အကူဖြစ်စေဖို့ အကြီးစားစက်ကိရိယာတွေကို တောင်းဆိုထားကြောင်း ဆန်ရီမီဂျီယို ဒုတိယမြို့တော်ဝန်က ပြောပါတယ်။  
"မိုးသည်းထန်စွာရွာနေပြီး လျှပ်စစ်မီးမရှိတာကြောင့် အကူအညီလိုအပ်နေပါတယ်၊ အထူးသဖြင့် ငလျင်ကြောင့် ထောက်ပံ့ရေးလိုင်းတွေ ပျက်စီးသွားတဲ့နောက် ရေရှားပါးလာတဲ့အတွက် မြောက်ပိုင်းမှာ အကူအညီလိုအပ်နေပါတယ်" လို့ သူက ဆိုပါတယ်။  
ကမ်းရိုးတန်းစောင့်တပ်သား သုံးယောက် ၊ မီးသတ်သမားတယောက်နဲ့ ကလေးတစ်ဦးတို့ ပါဝင်တဲ့ လူငါးယောက်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးဖို့  ကြိုးပမ်းစဉ် နံရံပြိုကျမှုကြောင့် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ 
ဆန်ရီမီဂျီယိုနဲ့ ဘိုဂိုမြို့တို့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး ပြိုကျအဆောက်အအုံတွေအောက်မှာ ပိတ်မိနေသူတွေရှိပြီး လူဘယ်လောက် ပျောက်ဆုံးနေလဲ အတိအကျမသိရသေးဘူးလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။



 
 
                