ဖိလစ်ပိုင်မှာ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၂၇ ဦးအထိ မြင့်တက်
ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၅
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း၌ ယမန်နေ့ ည ၁၀ နာရီခန့်တွင် ရစ်ခ်ျတာစကေး ၆ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၇ ဦးအထိ မြင့်တက်လာပြီး ၁၄၀ ကျော် ဒဏ်ရာရရှိကာ သေဆုံးဒဏ်ရာရသူအရေအတွက် တိုးလာနိုင်ကြောင်း အာဏာပိုင်များက ပြောသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။
အလယ်ပိုင်း Visayas ဒေသ စီဘူ (Cebu)ပြည်နယ်ရှိ ဘိုဂို ကမ်းလွန်တွင် ယမန်နေ့ည ၁၀ နာရီမထိုးမီက အင်အားပြင်းငလျင် လှုပ်ခဲ့ခြင်းဖြစ်ကာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပြီး နှစ် (၁၀၀) ကျော် သက်တမ်းရှိ ဘုရားကျောင်း အပါအဝင် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့သည်။
ငလျင်သည် San Remigio အပါအဝင် စီဘူမြောက်ပိုင်းတွင် အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
San Remigio ၏ဒုတိယမြို့တော်ဝန် Alfie Reynes က ကယ်ဆယ်ရေးသမားများအတွက် အစားအစာနှင့်ရေအပြင် အကြီးစားစက်ကိရိယာများပါ တောင်းဆိုထားသည်။
"မိုးသည်းထန်စွာရွာနေပြီး လျှပ်စစ်မီးမရှိတာကြောင့် အကူအညီလိုအပ်နေပါတယ်၊ အထူးသဖြင့် ငလျင်ကြောင့် ထောက်ပံ့ရေးလိုင်းတွေ ပျက်စီးသွားတဲ့နောက် ရေရှားပါးလာတဲ့အတွက် မြောက်ပိုင်းမှာ အကူအညီလိုအပ်နေပါတယ်" ဟု Reynes က DZMM ရေဒီယိုသို့ ပြောသည်။
ငလျင်ဗဟိုချက် အနီးနားရှိ ဘိုဂိုမြို့၌ ဆေးရုံလူနာများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး နောက်ဆက်တွဲငလျင်များ ပြင်းထန်စွာလှုပ်ခတ်မှုကြောင့် လူအများအပြား ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရန်နှင့် လမ်းများပေါ်ထွက်ခဲ့ရသည်။
မြေငလျင်စောင့်ကြည့်ရေးအေဂျင်စီများသည် ငလျင်၏အနက်ကို ၁၀ ကီလိုမီတာ (၆ ဒသမ၂ မိုင်) ဝန်းကျင်တွင် ထားရှိကာ နောက်ဆက်တွဲငလျင်အများအပြားကို မှတ်တမ်းတင်ထားပြီး ဆူနာမီအန္တရာယ် မရှိကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် မီးတောင်လှုပ်ရှားမှုနှင့် ငလျင်လှုပ်လေ့ရှိသည့် ပစိဖိတ်ဒေသတွင် တည်ရှိကာ ဇန်နဝါရီလအတွင်းက ငလျင်ကြီး နှစ်ကြိမ် လှုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်က ကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းအား ၆ ဒသမ ၇ ပြင်းအားရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး လူရှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပုံစာ-ယနေ့ နံနက်အစောပိုင်းက စီဘူပြည်နယ် San Remigio ဒေသတွင် တွေ့ရသော အပျက်အစီးများ/ Philippine Star
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။