အင်တာနက်လိုင်း ချို့ယွင်းမှုများကြောင့်ကိုယ်စားလှယ်လောင်း(၆၀)ဦးကို အမည်စာရင်း ထုတ်ပြန်ပြီး နောက်ပိုင်းမှလက်ခံရရှိခဲ့ကြောင်း UEC ထုတ်ပြန်
စက်တင်ဘာ ၃၀
အင်တာနက်လိုင်း ချို့ယွင်းမှုများကြောင့်ကိုယ်စားလှယ်လောင်း(၆၀)ဦးကို ကနဦးအမည်စာရင်း ထုတ်ပြန်ပြီး နောက်ပိုင်းမှ လက်ခံရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
UEC အနေဖြင့်သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများသို့ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းမှုနှင့်စပ်လျဉ်း၍ စက်တင်ဘာလ (၈) ရက်မှ စတင်လက်ခံခဲ့ပြီး နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် စက်တင်ဘာ (၂၂) ရက်အထိ တင်သွင်းမှုများ ပေးပို့လာမှုအပေါ် ကနဦးသတင်းထုတ်ပြန်နိုင်ရန် ဆောလျင်စွာ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့နောက် ယင်းနေ့ သတ်မှတ်ချိန်ကုန်ဆုံးသည်အထိ တင်သွင်းလာသည့် အမည်စာရင်း တင်သွင်းလွှာများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက UEC Cloud အသုံးပြု၍ ကော်မရှင်ရုံးသို့ ပေးပို့ရာတွင် အင်တာနက်လိုင်း ချို့ယွင်းမှုများကြောင့် လွှတ်တော် (၃) ရပ်တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း (၃၀) ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ (၁၀) ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၄) ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၆) ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ (၂) ဦး၊ ပြည်သူ့ပါတီမှ (၁) ဦး၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ (၅၁) ပါတီမှ (၆) ဦးနှင့် တစ်သီးပုဂ္ဂလ (၁) ဦးတို့၏ အမည်စာရင်းအား ကနဦး သတင်းထုတ်ပြန်ပြီး နောက်ပိုင်းမှ လက်ခံရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပါတီအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းမှုများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၀၄၈) ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ (၇၀၄) ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၆၇၆) ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ (၄၃၄) ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ (၅၈၆) ဦး၊ ပြည်သူ့ပါတီမှ (၅၁၃) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် ပါတီ (၅၁) ပါတီမှ (၉၆၆) ဦး နှင့် တစ်သီးပုဂ္ဂလ (၉၆) ဦး စုစုပေါင်း (၅၀၂၃) ဦး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
UEC အနေဖြင့်လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းလုပ်ငန်းကို အောက်တိုဘာ (၄) ရက် အထိ အမည်စာရင်းတင်သွင်းခဲ့သည့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီးတွင် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit - NP News Agency
#centralnewsnaypyitaw