ဈေးကြိုလာတဲ့ ဒိုင်နာမော်တော်ယာဉ် အရှိန်လွန် စလစ်ဖြစ်ပြီး အိမ်စီးကားတစ်စီးကို ဝင်တိုက်ကာ တိမ်းမှောက်လို့ လူကိုးဦး ဒဏ်ရာရ

စက်တင်ဘာ ၃၀

ဈေးကြိုလာတဲ့ ဒိုင်နာမော်တော်ယာဉ် အရှိန်လွန် စလစ်ဖြစ်ပြီး အိမ်စီးကားတစ်စီးကို ဝင်တိုက်ကာ တိမ်းမှောက်တဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၆ နာရီခန့်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်အနီး၊ လေးထောင့်ကန် လမ်းပေါ်မှာဖြစ်ပွားခဲ့လို့ လူကိုးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မစီးဒီးခါန်း လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် ဈေးကြို ဒိုင်နာယာဉ်မှာ ကားခေါင်းပိုင်း ပျက်စီးခဲ့ပြီး တစောင်းလဲကျကာ လမ်းဘေးမှာ ညအိပ်ရပ်တန့်ထားတဲ့ အိမ်စီးကား သုံးစီးကိုလည်း ထပ်မံထိခိုက်စေခဲ့သလို ဒိုင်နာယာဉ်ပေါ်ပါ ယာဉ်မောင်းနဲ့ ယာဉ်အကူအပြင် ဈေးသည် အမျိုးသမီး ခုနစ်ဦးလည်း ထိခိုက်ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရလူနာတွေကို ပရဟိတအသင်းက ယာဉ်နဲ့ သင်္ဃန်းကျွန်းဆေးရုံအရေးပေါ်ဌာနဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ခုနစ်ရက် (စက်တင်ဘာ၂၃ ရက်) မနက်အစောပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ ကြက်ဘဲဈေးအနီးမှာ ဈေးကြိုယာဉ် ၃ စီး ပြိုင်မောင်းရင်း အချင်းချင်း ဆင့်တိုက်တိုက်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+4