အုတ်တွင်း ညောင်ခြေထောက်မြို့မှာ ရုတ်တရက်ရေကြီးလို့ ဆေးရုံလူနာတွေကို အရေးပေါ်ပြောင်းရွှေ့
စက်တင်ဘာလ ၃၀ ၊ ၂၀၂၅
ပဲခူးတိုင်း ၊အုတ်တွင်းမြို့နယ်၊ညောင်ခြေထောက်မြို့မှာ တောင်ကျရေကြောင့် ရုတ်တရက်ရေကြီးမှုဖြစ်ပွားပြီး ဆေးရုံအတွင်းရေဝင်ရောက်ခဲ့လို့ ဆေးရုံတက်ရောက်ကုသနေတဲ့ လူနာ ၂၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေစီးပြီး စက်တင်ဘာ ၃၀ ရက်နေ့ မနက်အစောပိုင်းမှာ ရုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။
"ရုတ်တရက်ရေကြီးပြီး ဆေးရုံထဲမှာရေက ခါးကျော်အထိဝင်တာ။ရေက လူနာကုတင်အောက်ကိုထိတော့မယ်အခြေအနေဖြစ်နေပြီ။အရေးပေါ် ကယ်ထုတ်ခဲ့ရတယ်။စက်လှေတော့ဝင်မရဘူး။လူနဲ့လှေတွန်းပြီး လူနာကူတင်အထိသွားကယ်ခဲ့ရတယ်။သူကတိုက်နယ်ဆေးရုံပေါ့။ပြောင်သေချောင်းက ပေါ့။မိုးကခုထိလည်းရွာတုန်းပဲ။ " လို့ မြေပြင်ကူညီရေးလုပ်ခဲ့တဲ့ အုတ်တွင်းမြို့နယ် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ ဆရာတော်ကမိန့်ပါတယ်။
လက်ရှိမှာ ညောင်ခြေထောက်ဆေးရုံမှ ကယ်ထုတ်ခဲ့ရတဲ့ လူနာတွေကို ကျွဲပွဲတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားကာ ပြောင်းလဲကုသမှုပေးနေတယ်လို့သိရပါတယ်။
" ဆေးရုံဝန်းထဲက ဝန်ထမ်းအိမ်ယာတွေလည်း ရေတွေနစ်တယ်။ရုတ်တရက်ရေကြီးတာဆိုတော့ ထိခိုက်ပျက်စီးမှုတော့အနည်းနဲ့အများရှိပါတယ်။ ဆရာဝန်တွေလည်း လုပ်နေကြတယ်။"လို့ ဒေသခံကပြောပါတယ်။
လက်ရှိမှာတော့ ညောင်ခြေထောက်မြို့နယ်အတွင်း ကားလမ်းမပေါ်လည်း ရေကျော်နေပြီး ၊ဆေးရုံဝန်းထဲမှာ ရေတွေ မကျသေးဘူးလို့ သိရပါတယ်။
ဓာတ်ပုံ -ရင်ခုန်သံ ရှင်ရေးအသင်း
