မြန်မာနိုင်ငံမှ ကိုးကန့်တရုတ် မြီမိသားစု ရာဇဝတ်ဂိုဏ်းနှင့် ဆက်နွှယ်သူ ၁၆ ဦးကို တရုတ်တရားရုံးက သေဒဏ်ချ
စက်တင်ဘာ ၃၀
နာမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းလိမ်လည်မှု တရုတ်ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ မြီမိသားစုအပါအဝင် ဆက်နွှယ်သူ တရားခံ ၁၆ ဦးကို အွန်လိုင်းလိမ်လည်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုနှင့် ပြည့်တန်ဆာလုပ်ငန်းများ အပါအဝင် ရာဇဝတ်မှုများစွာအတွက် တရုတ်တရားရုံးက တနင်္လာနေ့တွင် သေဒဏ်ချမှတ်လိုက်သည်။
တရုတ်နိုင်ငံပိုင် CCTV ၏ သတင်း ဖော်ပြချက်အရ တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်မှ အစိုးရရှေ့နေများက ၂၀၁၅ ခုနှစ်မှစ၍ မြီ မိသားစု ရာဇဝတ်ဂိုဏ်းသည် မြန်မာနိုင်ငံ ကိုးကန့်ဒေသရှိ ၎င်းတို့၏ သြဇာအာဏာကို အသုံးပြု၍ ကျားဖြန့်ဂိုဏ်းများစွာကို တည်ထောင်ပြီး ဘဏ္ဍာရေး အထောက်အပံ့ပေးသူများနှင့် ပူးပေါင်းကာ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။
ထို့အတွက် တရုတ်အစိုးရက မြီမိသားစု ရာဇဝတ်ဂိုဏ်းမှ မြီရှောက်ချန်း၏သား မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျူးလန့်၊ မြေးဖြစ်သူ မြီကြိမ်းကြိမ်း အပါအဝင် လူ ၃၉ ဦးကို ဖမ်းဆီး စွဲချက်တင်ခဲ့သည်။ အဆိုပါ ဂိုဏ်းများက ကျူးလွန်သော ရာဇဝတ်မှုများတွင် လူသတ်မှု၊ တရုတ်ကျားဖြန့် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားလုပ်ငန်း၊ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုနှင့် ပြည့်တန်ဆာလုပ်ငန်းများလည်း ပါဝင်ခဲ့ပြီး ထိုလုပ်ငန်းများတွင် ယွမ် ၁၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်) ကျော် ပါဝင်ပတ်သက်ခဲ့သည်ဟုလည်း သတင်းများက ဖော်ပြသည်။
အစီရင်ခံစာအရ မြီမိသားစုသည် အခြားရာဇဝတ်ဂိုဏ်းများနှင့်အတူ "ထွက်ပြေးရန် ကြိုးစားသူ သို့မဟုတ် ၎င်းတို့၏ စကားကို မနာခံသော လိမ်လည်မှုနှင့်ပတ်သက်သည့် လူများကို သတ်ဖြတ်ခြင်းနှင့် ဒဏ်ရာရစေခြင်း" တို့ကို ပြုလုပ်ခဲ့သည်။
ဝမ်ကျိုး အလယ်အလတ်ပြည်သူ့တရားရုံး၏ ကြားနာချက်အရ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အဆိုပါဂိုဏ်းသည် တရုတ်လူမျိုး ဖမ်းဆီးခံထားရသူများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်းမှ တားဆီးရန်အတွက် ပစ်ခတ်မှုကျူးလွန်ခဲ့ပြီး ထိုပစ်ခတ်မှုအတွင်း တရုတ်နိုင်ငံသား လေးဦး သေဆုံးခဲ့သည်ဟုလည်း ပြောသည်။ ထို့အပြင် ၂၀၁၅ ခုနှစ်ခန့်မှ စတင်ခဲ့သော ကျားဖြန့်ဂိုဏ်းလုပ်ရပ်များကြောင့် လူ ၁၄ ဦးသေဆုံးခဲ့မှုများအတွက် တာဝန်ရှိသည်ဟုလည်း တရားရုံးက စီရင်ချက်တွင် ဖော်ပြခဲ့သည်။
ယနေ့ သေဒဏ်ချမှတ်ခံရသူများအနက် ငါးဦးကို နှစ်နှစ် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ထိုငါးဦးသည် သေဒဏ်ပြစ်ဒဏ်ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲကျခံရနိုင်သည်။ ဆိုင်းငံ့ပြစ်ဒဏ် မပါဝင်သော သေဒဏ်ကျခံရသည့် ကျန် ၁၁ ဦးတွင် မြီမိသားစု ရာဇဝတ်အုပ်စုကို ဦးဆောင်ခဲ့သူ တရုတ်-မြန်မာနိုင်ငံသား မြီရှောက်ချန်း၏ သားဖြစ်သူ မြီကော်ဖျင်လည်း ပါဝင်သည်။ ထို့အတူ ကျန် ၂၃ ဦးကိုလည်း ထောင်ဒဏ် ငါးနှစ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ် အသီးသီး ချမှတ်ခဲ့သည်။
Ref, SCMP & BBC & AFP
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး


