ငလျင်အပြီး နာရီ ၁ဝဝ ကျော် ပိတ်မိခဲ့သူ ဝန်ထမ်း ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို ဟိုတယ်အေးချမ်းသာနှင့်မိသားစုများက ဧည့်ခံ ဂုဏ်ပြု
စက်တင်ဘာ ၃၀
ငလျင်အပြီး နာရီ ၁ဝဝ ကျော် ပိတ်မိခဲ့သူ ဝန်ထမ်း ၂ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့သော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို အေးချမ်းသာဟိုတယ်၊ လွတ်မြောက်သူ ဝန်ထမ်း ၂ ဦး နှင့် မိသားစုများက လျှပ်တစ်ပြတ် လက်ဖက်ရည်ဧည့်ခံပွဲဖြင့် ဂုဏ်ပြုခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ ပြီးခဲ့သော စက်တင်ဘာလ ၂၈ ရက်တွင် ၆ လ ပြည့်မြောက်ခဲ့ကာ ယင်းဖြစ်စဉ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖြစ်စဉ်တစ်ခုလုံးတွင် ၆၅၃ ဦးတိတိအား အသက်ရှင်လျက် ရှာဖွေကယ်တင်နိုင်ခဲ့ပြီး နာရီပေါင်း ၁၀၀ ကျော်ပိတ်မိသူများကို နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခတ်နေသည့်ကြားမှ အသက်ကို အသက်ဖြင့်ထပ်ကာ ခက်ခဲစွာဖြင့် နေ့မအား ညမနားဝင်ရောက် ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ကယ်တင်ရာတွင် ဟိုတယ်အေးချမ်းသာမှ ဝန်ထမ်း(၂)ဦးအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ တူကီယဲနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များပူးပေါင်း၍ ခက်ခက်ခဲခဲ စွန့်စွန့်စားစား ထွင်းဖောက်ဝင်ရောက် ကယ်ဆယ်မှုကြောင့် ငလျင်ဖြစ်ပွားပြီး နာရီပေါင်း ၁၀၇ နာရီခန့်တွင် ပိတ်မိနေသူ ကိုနိုင်လင်းထွန်းအား လုပ်ငန်းကြာချိန် ၁၃ နာရီဖြင့် လည်းကောင်း၊ နာရီပေါင်း ၁၂၁ နာရီခန့် ပိတ်မိနေသူ ပိတ်မိနေသူ ကိုထက်မောင်မောင်အား လုပ်ငန်းကြာချိန် ၁၂ နာရီဖြင့် လည်းကောင်း အသီးသီးအသက်ရှင်လျက် အောင်မြင်စွာ ကယ်တင်နိုင်ခဲ့မှုခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် အသက်ရှင်လျက်လွတ်မြောက်လာသည့် ဝန်ထမ်း ၂ ဦး၊ ၎င်းတို့မိသားစုများနှင့် ဟိုတယ်မှ တာဝန်ရှိသူများအနေဖြင့် အမှတ်တရ ကျေးဇူးတင်ဂုဏ်ပြုသောအားဖြင့် ငလျင်လှုပ်ခတ်ပြီး ၆ လပြည့် အထိမ်းအမှတ်အဖြစ် လျှပ်တစ်ပြတ် လက်ဖက်ရည်ဧည့်ခံပွဲဖြင့် ဂုဏ်ပြုခြင်းအခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်က နေပြည်တော်ရှိ ဟိုတယ် အေးချမ်းသာ၌ ကျင်းပပြုလုပ်ခဲ့ရာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် အရာရှိကြီးများ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ တူကီယဲနိုင်ငံမှ (GEA Search and Rescue Team)အဖွဲ့ဝင်များ (Zoom Meeting ဖြင့်) တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဟိုတယ်အေးချမ်းသာ Group တာဝန်ရှိသူ(၂)ဦးက ငလျင်ဘေးသင့်ပြည်သူများအတွက် MYANMAR EARTHQUAKE Website (www.myanmarearthquake.gov.mm)သို့ အလှူငွေ ကျပ်သိန်းငါးဆယ်တိတိအား လှူဒါန်းခဲ့ရာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူမှ လက်ခံခဲ့ပြီး MYANMAR EARTHQUAKE Website ၏ မြန်မာစီးပွားရေးဘဏ် ငွေစာရင်းအကောင့်အမှတ် (MD-)သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
Credit - NP News Agency
#centralnewsnaypyitaw