ရေတွင်းဟောင်းထဲကျ၊ ရေမြွေတွေဝိုင်းခံရပြီးနောက် နာရီ ၅၀ ကျော်ကြာမှ ကယ်ဆယ်နိုင်ခဲ့သည့် တရုတ်အမျိုးသမီး
တရုတ်နိုင်ငံအရှေ့တောင်ပိုင်းမှ အမျိုးသမီးတစ်ဦးသည် အသုံးမပြုတော့သော ရေတွင်းဟောင်းတစ်ခုထဲ မတော်တဆပြုတ်ကျပြီးနောက် ပင်ပန်းနွမ်းနယ်မှု၊ မရပ်မနား ကို-က်ခဲသော ခြင်များ၊ ရေမြွေကိုက်ခြင်းကိုပင် ရင်ဆိုင်ရင်း နာရီပေါင်း ၅၄ နာရီကြာအောင် ရေတွင်းဘေးနံရံကို အသည်းအသန်ဖက်တွယ်ထားရာမှ နောက်ဆုံးတွင် သူမကို ကယ်ဆယ်နိုင်ခဲ့သည်။
စက်တင်ဘာလ ၁၃ ရက်နေ့က ဖူကျန့်ပြည်နယ်၊ ချွမ်ကျိုးမြို့ မှ အသက် ၄၈ နှစ်အရွယ် ကျင်(Qin) အမည်ရှိ အမျိုးသမီးတစ်ဦးသည် တောထဲတွင် အပန်းဖြေလမ်းလျှောက်နေစဉ် ရေတွင်းနက်ကြီးတစ်ခုထဲသို့ မမျှော်လင့်ဘဲ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
သူမ မိသားစုက သူမပျေ-ာက်ဆုံးနေကြောင်းကို လျင်မြန်စွာသတိပြုမိပြီး ပထမအကြိမ်ရှာဖွေမှုက အောင်မြင်မှုမရရှိခဲ့သည့်နောက် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပျေ-ာက်ဆုံးကြောင်း ရဲသို့တိုင်ကြားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်ခဲ့သည်။ ထိုမနက်ပိုင်းတွင် သူမ၏သားဖြစ်သူသည် အခြားနည်းလမ်းအားလုံး ကုန်ဆုံးသွားသည့်နောက် "ကျင့်ကျန်း ရွေ့ထုံ မိုးပြာရောင် ကောင်းကင်" အရေးပေါ်ကယ်ဆယ်ရေးစင်တာသို့ အကူအညီတောင်းခဲ့သည်။
ကယ်ဆယ်ရေးသမား ၁၀ ဦးပါဝင်သော အဖွဲ့က အနီအောက်ရောင်ခြည်ဓာတ်ပုံရိုက်ယူနိုင်သော ဒရုန်းကို အသုံးပြု၍ ရှာဖွေရေးလုပ်ငန်းကို စတင်ခဲ့သည်။
အဖွဲ့ခေါင်းဆောင် တူရှောင်ဟန်၏ အဆိုအရ နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်တွင် အဖွဲ့သားများသည် အကူအညီတောင်းခံသံ သဲ့သဲ့ကို ရုတ်တရက်ကြားလိုက်ရသည်ဟု ဆိုသည်။ အသံကို လိုက်လံရှာဖွေရင်း ကယ်ဆယ်ရေးအဖွဲ့သည် ပေါင်းမြက်များ ဖုံးအုပ်နေသော ရေတွင်းဟောင်းကို မကြာမီ တွေ့ရှိခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် ရေတွင်းဝမှ ခြုံပင်များကို လျင်မြန်စွာ ရှင်းလင်းခဲ့ပြီးနောက် ရေထဲတွင် တစ်ပိုင်းနစ်မြုပ်နေသော ကျင်ကို နောက်ဆုံးတွင် မြင်လိုက်ရသည်။ သူမသည် ဖျော့တော့နေသော လက်ချောင်းများဖြင့် ရေတွင်းနံရံရှိ ချောနေသော အက်ကြောင်းများကို ဇွဲဖြင့်ဆုပ်ကိုင်ထားခြင်းဖြစ်သည်။
သူမသည် ရေတွင်းထဲ မတော်တဆ ပြုတ်ကျပြီးနောက် ကံကောင်းစွာပင် ရေကူးတတ်သဖြင့် ရေတွင်းနံရံတွင် မြုပ်နေသော ကျောက်တုံးတစ်ခုကို ကိုင်ထားခြင်းဖြင့် ရေပေါ်တွင် ဆက်လက်မျောနေနိုင်ခဲ့ကြောင်း ကျင်က နောက်ပိုင်းတွင် ပြောပြခဲ့သည်။