မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ အပူပိုင်းမုန်တိုင်း ဘူအလွိုင် ဝင်ရောက်နိုင်သည့်အတွက် မိုးများနိုင်
စက်တင်ဘာ ၂၉
မနက်ဖြန် (စက်တင်ဘာလ ၃၀ရက်)တွင် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ အပူပိုင်းမုန်တိုင်း ဘူအလွိုင်သည် လေဖိအားနည်းဆဲလ်အဖြစ် ဝင်ရောက်နိုင်သည့်အတွက် မိုးများနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
မိုးဇလ၏ ယနေ့ (စက်တင်ဘာ ၂၉ရက်)နေ့ နံနက် (၅)နာရီခွဲအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားကောင်းသောအပူပိုင်းမုန်တိုင်း “ဘူအလွိုင်”အဖြစ်သို့ အားလျော့သွားခဲ့ကာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေဒေသများကို ဗင့်မြို့နှင့် ဒုံဟွိုင်မြို့တို့အကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အားကောင်းသောအပူပိုင်းမုန်တိုင်း “ဘူအလွိုင်” သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ယနေ့ (စက်တင်ဘာ ၂၉ရက်)၊ ညနေပိုင်းတွင် လာအိုနိုင်ငံနယ်စပ်ဒေသများကို အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” အဖြစ်ဖြတ်ကျော်နိုင်ကာ လာအိုနိုင်ငံ ကုန်းတွင်းပိုင်းဒေသများကို အပူပိုင်းမုန်တိုင်းငယ် အဖြစ် ဖြတ်ကျော်နိုင်ကြောင်း သိရသည်။
ထို့ပြင် မနက်ဖြန် (စက်တင်ဘာ ၃၀ရက်၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများကို လေဖိအားနည်းဆဲလ် အဖြစ်ဖြင့်လည်းကောင်း ဆက်လက်ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
“လေဖိအားနည်းဆဲလ်အနေနဲ့လာမှာ လေတော့သိပ်မပါဘူး။ မိုးတော့နည်းနည်းပါမယ်။ မိုးများမယ်။ အရင်ရာသီလောက်တော့မဆိုးပါဘူး။ အရှေ့ပိုင်းမှာ လေဖိအားနည်းဆဲလ်လေးက ရှမ်းအရှေ့ကိုရောက်မယ်ဆိုတော့ ရောက်တဲ့ နေရာအပြင်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ၊ သူရဲ့အစပ်က အဲဒီနေရာလေးက လေဖိအားနည်းဆဲလ်အနေနဲ့ရောက်ပေမဲ့ သူကြောင့် ကျန်တဲ့နေရာတွေမှာလည်း မိုးရတာတွေရှိမှာပေါ့”ဟု မိုလေဝသနှင့်ဇလဗဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။
အဆိုပါ အားကောင်းသောအပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မှ ပြတ်ထွက်လာသောတိမ်တိုက်များကြောင့် ယနေ့(စက်တင်ဘာလ ၂၉ရက်)၊ နံနက်မှ အောက်တိုဘာ ၁ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
“မုတ်သုံက အလယ်ပိုင်းပဲ ထွက်သေးတာ။ မြစ်ဝကျွန်းပေါ်တို့ တောင်ပိုင်းတို့က မုတ်သုံက မထွက်သေးဘူး။ ဒါကြောင့်မို့လို့ မိုးကတော့ ကျန်တဲ့ အရှေ့ပိုင်းဒေသတွေအပြင်ကို အလယ်ပိုင်းကော၊ ရခိုင်ကမ်းရိုးတန်း ဒေသဘက်တွေကော၊ မြစ်ဝကျွန်းပေါ်ဘက်တွေကော မိုးက များဖို့ရှိတယ်။ မွန်၊ ကရင် ၊တနင်္သာရီနောက်ရှမ်း အဲဒီနေရာတွေ မိုးများနိုင်တယ်။ မိုးများမည်ဆိုပေမဲ့လို့ အရမ်းကြီးစိုးရိမ်ရတဲ့အနေအထားမဟုတ်ဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် မိုးများသည့်အတွက် တောင်ကျရေကြောင့် ရေကြီးရေလျှံခြင်း၊ မြေပြိုမှု အန္တရာယ်ကိုလည်း သတိထားရန်လိုအပ်ကြောင်း ၎င်းကအကြံပြုပြောသည်။
Credit - NP News Agency
#centralnewsnaypyitaw