ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသ ပို့ကုန်တချို့ ဖြေလျော့ပေးရန် ထိုင်းစီစဥ်
ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၅
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသ ဖြတ်သန်းသွားလာမှုနှင့် ထိုင်းဘက်မှ တင်ပို့သော ကုန်ပစ္စည်းတချို့ကို ဖြေလျော့မှုပြုလုပ်ရန်အတွက် စက်တင်ဘာ ၂၅ ရက် နေ့လည်ပိုင်းတွင် ကန်ချနဘူရီမြို့ ပြည်နယ်အုပ် ချုပ်ရေးမှူးရုံး၌ အုပ်ချုပ်ရေးမှူး မစ္စတာ Athisan Intra ဦးဆောင်၍ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
အစည်းအဝေးတွင် ကန်ချနဘူရီခရိုင်အတွင်း ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ဖြတ်သန်း သွားလာခွင့်၊ ယာဉ်အဝင်/ထွက်နှင့် ပတ်သက်သည့် အစီအမံများ၊ လောင်စာဆီ၊ ဆောက်လုပ်ရေးပစ္စည်း တင်ပို့မှု အပါအဝင် ထိုင်းအစိုးရမှ ပို့ကုန်ထိန်းချုပ်ထားသည့် ကုန်စည်စာရင်း၌ မပါဝင်သော မော်တော်ယာဉ်နှင့် ကုန်ပစ္စည်းများ တင်ပို့ခြင်းတို့ကို ဆွေးနွေးခဲ့ကြောင်း ထိုင်းသတင်းဌာန Kanchanaburi News က ရေးသားထားသည်။
ထိုင်းအစိုးရ၏ နယ်စပ်ဒေသမူဝါဒ၊ အမျိုးသားလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များနှင့်အညီ ထိုင်း-မြန်မာ နယ်စပ် တလျောက် တရားမဝင်လုပ်ငန်း နှိမ်နင်းရေးအစီအမံများ ချမှတ်ထားပြီး လက်ရှိ ယင်းလုပ်ငန်းတို့၏ ခြောက်လတာအတွင်း လုပ်ဆောင်ခဲ့သည့် ရလဒ်များအား လေ့လာခဲ့ရာ ကန်ချနဘူရီခရိုင် ဘန်ပူနမ်ရွန်နယ်စပ်တွင် လူနှင့် ယာဉ်၊ ကုန်စည်များ ပုံမှန်ဝင်ထွက်ခွင့်ပြုရန် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
လူသားချင်းစာနာထောက်ထားမှုအနေဖြင့် ထိုင်း-မြန်မာနယ်စပ် ဘုးရာသုံးဆူဒေသတလျောက်နေအိမ်များ၊ စာသင်ကျောင်း၊ ဘုရားကျောင်းများနှင့် ကျန်းမာရေးဌာန စသည်တို့ ဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းအတွက် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများ တင်ပို့ခွင့်ပြုခြင်း၊ တရားမဝင် စီးပွားရေးအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ အများသူငှာအသုံးပြုရန် သတ်မှတ် ထားသော ပမာဏဖြင့် လောင်စာဆီတင်ပို့ခွင့် ဖြေလျော့ပေးရန် ဆွေးနွေးသဘောတူခဲ့သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ စံခလဘူရီမြို့နယ် ဘုရားသုံးဆူဒေသ ခရီးသွားလာရေးအတွက် ယာယီနယ်စပ်ဖြတ်ကျော်ဂိတ်ဖွင့်ရန် သဘောတူ ခဲ့သော်လည်း ထိုင်းဘက်မှ လျှပ်စစ်ဓာတ်အား၊ အင်တာနက်အသုံးပြုမှုနှင့် လောင်စာဆီဖြတ်တောက်မှုများ ဆက်လက်ပြု လုပ်ထားမည်ဖြစ်သလို နယ်စပ်လုံခြုံရေးကိုပါ တင်းကျပ်ထားမည်ဖြစ်ကြောင်း၊ မြန်မာဘက်တွင် တိုက်ပွဲများဖြစ်နေသည့် အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဥပဒေနှင့်စည်းကမ်းများကို လိုက်နာရန် အသိပေးခဲ့ကြောင်း သိရသည်။