17 ပတ် - ဘာသာပြန်ပါ။

နတ်မောက် ရေကြီးမှုအတွင်း မိသားစုဝင် ၆ ဦး သေဆုံး
ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၅
မကွေးတိုင်း၊ နတ်မောက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မယ်ဇလီပင်ကျေးရွာအနီးရှိ အောင်ပန်းကျွန်းဆည် ကျိုးပေါက်ခဲ့သဖြင့် ယင်းချောင်းရေလျှံကာ နေအိမ်နှစ်လုံး မျောပါပျက်စီးခဲ့သလို မိသားစုဝင် ၆ ဦးပါ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
‌အဆိုပါ ရေကြီးမှုသည် နတ်မောက်မြို့နယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးဖြစ်ပြီး နတ်မောက်မြို့ရှိ ဈေးရပ်ကွက်၊ ကံကြီး၊ ရန်အောင်မြင်၊ အောင်ဆန်း စသည့် အနိမ့်ပိုင်းရပ်ကွက်များ၌ လူတရပ်နီးပါးမြုပ်သည်အထိ ရေဝင်နေသလို ယင်းချောင်းတလျောက် ကျေးရွာများ၌လည်း ရေကြီးရေလျှံမှုဖြစ်ပွားကာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
“မနေ့မနက်အစော ၂ နာရီကျော်လောက်မှာ မိုးများပြီး ဆည်ကျိုးသွားတဲ့အတွက် ရေကြီးခဲ့တာ။ ယင်းချောင်းဘေးမှာ ရှိနေ တဲ့ အိမ်နှစ်လုံး ရေထဲမျောပါသွားတယ်။ မိသားစု ၇ ယောက်ရှိတဲ့အိမ်က တယောက်ပဲ အသက်ရှင်ကျန်ရစ်ပြီး ကျန်တဲ့ ၆ ယောက် ရေစီးနဲ့မျောပါ အသက်ဆုံးခဲ့ကြရတယ်။ ရုပ်အလောင်း ၄ လောင်း ပြန်တွေ့ထားပါပြီ။ သေဆုံးသူတွေက မယ်ဇလီ ပင်ရွာကပါ” ဟု နတ်မောက်ဒေသခံတဦးက ဧရာဝတီကို ပြောသည်။
ထို့အတူ မကွေးတိုင်းအတွင်းရှိ ပေါက်၊ ဂန့်ဂေါ၊ ဆော၊ မင်းဘူး၊ စကု မြို့နယ်များတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် မုန်းချောင်း၊ ယောချောင်း၊ ဆားပွက်ချောင်း၊ မန်းချောင်း၊ မြစ်သာမြစ်ရေ မြင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ စိုက်ခင်းများ၊ လမ်း၊ တံတားပျက်စီးမှုများ ရှိနေကြောင်း သိရသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေခြင်း၊ တောင်တရုတ်ပင်လယ်ပြင်၌ ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” (BUALOI)မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် စက်တင်ဘာ ၂၆ ရက် ညနေမှ အောက်တိုဘာလ ၂ ရက်အတွင်း ရန်ကုန်တိုင်းနှင့် နေပြည်တော်အပါ တိုင်းနှင့်ပြည်နယ်အနှံ့ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ဒေသအလိုက် မိုးကြီးနိုင်သည်ဟု စစ်ကော်မရှင် လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

image